မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သစ်ဆိပ်ပင်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်မှာ ဇူလိုင် ၁၈ ရက်နေ့ မနက် ၆ နာရီခွဲအချိန်လောက်က ကား ၁၃ စီးပါ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု တာဝန်ရှိသူတွေက ဒီဗွီဘီကို ပြောပါတယ်။
ပဲခူးတိုင်း၊ ဝေါမြို့နယ်ဘက်ကနေ ကျိုက်ထိုဘက်မောင်းနှင်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို ကရင်အမျိုးသာလွတ်မြောက်ရေး တပ်မတော် (KNLA) နဲ့ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KFA) ပူးပေါင်းအဖွဲ့က ဆွဲမိုင်း ၂ လုံးနဲ့ တိုက်ခိုက်ခဲ့တာပါ။
မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီ ကားတစီး အမိုးလန်ထွက် ထိခိုက်ပျက်စီးခဲ့သလို အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးမှု အခြေအနေ အသေးစိတ် မသိရသေးဘူးလို့ ကျိုက်ထိုတော်လှန်ရေး အင်အားစု တာဝန်ရှိသူတဦးက ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရတဲ့ စစ်ကောင်စီယာဉ်တန်းဟာ ကျိုက်ထိုမြို့နယ်အထွက်မှာ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ပြီးနောက် မနက် ၁၁ နာရီလောက်မှာ ဘီးလင်းမြို့နယ်ထဲကို ဆက်လက် မောင်းဝင်သွားတယ်လို့ ဆိုပါတယ်။
ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာမှာလည်း ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်နေ့က စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးထားတယ်လို့ သထုံခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၁) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျိုက်ထိုမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး စစ်ကောင်စီ သိမ်ဇရပ်အမြောက်တပ်ကနေ ကျေးရွာထဲကို လက်နက်ကြီး နေ့စဉ်နဲ့အမျှ ပစ်ခတ်နေတာကြောင့် ဒေသခံရာနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရသလို လတ်တလောမှာတော့ နှစ်ဖက် စစ်ရေး ဆက်လက် တင်းမာနေပါတယ်။