ထိုင်းတောင်ပိုင်း ရနောင်းခရိုင် ကရပူရီမြို့နယ်ထဲမှာ ရာဘာခြံပိုင်ရှင် နိုင်းထနူး ကျိုင်ဒီ အသတ်ခံရတာနဲ့ပတ်သက်ပြီး သူ့ခြံထဲက အလုပ်သမား ၂၀ ထက်မနည်း ဖမ်းဆီးစစ်ဆေးခံ နေရတဲ့ထဲက မြန်မာလုပ်သား ၃ ဦးဟာ လူသတ်မှုနဲ့ ပါဝင်ပတ်သက်နေတယ်လို့ နယ်မြေ ရဲတပ်ဖွဲ့က ဇူလိုင် ၁၅ ရက်နေ့မှာ ပြောပါတယ်။
နိုင်းထနူးရဲ့ အလောင်းကို မတွေ့ခင် ၁ ရက်အလိုက ခြံအလုပ်သမား ခင်မောင်ဇော် ဆိုသူဟာ ရပ်ကွက်ထဲက ကုန်စုံဆိုင်တခုမှာ ဖုန်းဆင်းကတ်နဲ့ မုန့်လာဝယ်ပုံ၊ ဆိုင်ကယ်နဲ့ သေဆုံးသူရဲ့ အိမ်ဝင်းထဲ ဝင်သွားပုံတွေ တွေ့ရှိသလို နောက်ထပ် ဇော်မျိုးဆိုသူ မြန်မာအလုပ်သမား ၁ ဦးဆီက သွေးစတွေဟာ သေဆုံးသူရဲ့ သွေးစနဲ့ ဒီအန်အေတူနေတာလို့ ဆိုပါတယ်။ နောက် ၁ ဦးကတော့ ခင်မောင်ဇော်ရဲ့ ဇနီးဖြစ်သူ မေတိုးခိုင် (ထိုင်းအသံထွက်အနီးဆုံး) ဖြစ်တယ်လို့ ပတ်ကျန်ရဲစခန်း တာဝန်ရှိသူတဦးက သတင်းထောက်တွေကို ပြောပါတယ်။
ခင်မောင်ဇော်နဲ့ ဇနီး မေတိုးခိုင်တို့ဟာ နိုင်းထနူးရဲ့ ရာဘာခြံထဲ အလုပ်လာလုပ်တာ ၄ နှစ်ရှိပြီး သူတို့အိမ်ဟာလည်း နိုင်းထနူးရဲ့အိမ်နဲ့ မီတာ ၅၀ လောက်သာ ကွာဝေးကြောင်း၊ ဒီမတိုင်ခင်က နိုင်းထနူးဟာ မေတိုးခိုင်ကို တောက်တိုမယ်ရခေါ်ခိုင်းလေ့ရှိသလို နှိပ်နယ်ခိုင်းတာ၊ ထိကပါးရိကပါး လုပ်တာတွေကြောင့် ခင်မောင်ဇော်က သဝန်တိုလို့ တုတ်နဲ့ ရိုက်သတ်မိကြောင်း ဝန်ခံထားတယ်လို့ ဆိုပါတယ်။
ဇော်မျိုးဆိုသူကတော့ အဲဒီခြံကအလုပ်သမားမဟုတ်ဘဲ ခင်မောင်ဇော်ရဲ့သူငယ်ချင်းဖြစ်ပြီး လူသတ်မှုမှာ ပူးပေါင်းပါဝင်သူ၊ သူ့ဇနီးကလည်း အလောင်းဖျောက်ရာမှာ ပါဝင်ကူညီသူလို့ တာဝန်ရှိသူက ပြောပါတယ်။
နိုင်းထနူးကို ပြန်ပေးဆွဲထားပြီး ဘတ် ၈ သိန်းနဲ့ လာရွေးဖို့ တယ်လီဖုန်းထဲ မက်ဆေ့ချ်ရတဲ့အချိန်မှာ နိုင်းထနူးသေဆုံးပြီးမှ ရတာမို့ ရဲတွေမျက်စိလည်အောင် အမှုဆင်တာသက်သက်ပဲလို့ ဆိုပါတယ်။
ကနဦး အဖမ်းခံထားရတဲ့သူ ၂၀ ထဲမှာပါတဲ့ ထိုင်းလင်မယား ၂ ယောက်ကိုလည်း ရဲတပ်ဖွဲ့က သံသယနဲ့ ဆက်လက်စစ်ဆေးနေပါတယ်။ ဇနီးဖြစ်သူမှာ လက်ရှိ ခင်ပွန်းနဲ့မယူခင်က နိုင်းထနူးနဲ့ ချစ်သူရည်းစား ဖြစ်ခဲ့ပါတယ်။ အမျိုးသမီးက နောက်အမျိုးသား တယောက်နဲ့ လက်ထပ် လိုက်တဲ့အခါ နိုင်းထနူးက မကျေနပ်ဘဲ ပြဿနာရှာနေတာမို့ ဒီလူသတ်မှုမှာ အမျိုးသမီးက ခင်မောင်ဇော်ကို စေခိုင်းသလားဆိုတဲ့ သံသယနဲ့ စစ်ဆေးနေတာပါ။
ဒီလူသတ်မှုမှာ ကျန်တဲ့အလုပ်သမားတွေ ၁ ပတ်ကျော် အဖမ်းခံထားရလို့ အလုပ်အကိုင်ပျက် နေသလို ခင်မောင်ဇော်နဲ့ မေတိုးခိုင်တို့ရဲ့ ကလေး ၄ ယောက်မှာလည်း အဖေရော အမေပါ အဖမ်း ခံထားရတာကြောင့် အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။
လူသတ်မှုနဲ့ပတ်သက်တဲ့ အချက်အလက်အသေးစိတ်တွေကို ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ထပ်မံ စစ်ဆေးအတည်ပြုပြီး ဒီကနေ့ ဇူလိုင် ၁၈ ရက်မှာ သတင်းစာရှင်းလင်းမယ်လို့ ကြေညာထားပေမယ့် အခုသတင်းရေးချိန် ညနေ ၄ နာရီခွဲထိ မတွေ့ရသေးပါဘူး။
သေဆုံးသူ နိုင်းထနူး ကျိုင်ဒီရဲ့ သားဖြစ်သူဟာ အာဏာရပါတီလွှတ်တော်အမတ်နဲ့ နီးစပ်သူ နိုင်းထုံးချိုင်းကျိုင်ဒီဖြစ်ပြီး ချွေးမဟာလည်း ကျေးရွာအုပ်စု စီမံခန့်ခွဲရေးမှူးဖြစ်ကာ နယ်မြေထဲ ဩ ဇာညောင်းသူတွေဖြစ်ပါတယ်။