ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နဲ့ ၁၄ ရက်နေ့တွေက မကွေးတိုင်း မင်းတုန်းမြို့မှာ ဆေးလာဝယ်သူတယောက်နဲ့ ဗိုလ်ချုပ်ပုံပါငွေစက္ကူဟောင်း ပါလာတဲ့ ဒေသခံတယောက်ကို စစ်ကောင်စီတပ်တွေက ရိုက်နှက်ဖမ်းဆီးသွားပြီး ဒီနေ့အထိ ပြန်မလွတ်လာသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီက မင်းတုန်းအနောက်ဘက် ရခိုင်ရိုးမတောင်ပေါ်မှာ PDF တွေရှိတယ်၊ PDF တွေကို ထောက်ပို့လုပ်နေတယ်ဆိုပြီး မင်းတုန်းအထွက် ပြောင်နဲ့ သီးပင်ကုန်းကျေးရွာတွေမှာ ဂိတ်ဖွင့်ပြီး ဈေးလာဝယ်သူတွေကို အ၀င်အထွက် တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ဇူလိုင် ၁၂ ရက်နေ့က ဆေးလာဝယ်တဲ့ ယင်းဂေါက်ကျေးရွာက ကိုဂွေကို စစ်ဆေးရာမှာ ထိုးဆေးတချို့၊ ပတ်တီးနဲ့ ပိုးသတ်ဆေးတွေပါလာတာကြောင့် PDF တွေကို ဆေးကုပေးဖို့ ဆိုပြီး စွပ်စွဲဖမ်းဆီးသွားတာလို့ ယင်းကောက်ရွာဒေသခံတယောက်က ပြောပါတယ်။
“ရွာဂိတ်မှာ တနေကုန်ရိုက်နှက်ပြီး အဲဒီကတည်းက ဖမ်းဆီးသွားတာ။ အခုတော့ မင်းတုန်းဆေးရုံမှာ တင်ထားရတယ်၊ မိသားစုနဲ့လည်း တွေ့ခွင့်မပေးဘူး၊ မိသားစုကလည်း သွားတွေ့ရင် သူတို့ကိုပါ ဖမ်းမှာ စိုးရိမ်ရတာကြောင့် လိုက်မတွေ့ရဲဘူး ဖြစ်နေတာ။ တကယ်က သူ့ကို တခြားလူတယောက် က လမ်းကြုံ၀ယ်ခိုင်းလိုက်တာ။ အဲဒီဆေးတွေကို သူလည်း မသိဘူး၊ နားလည်း မလည်ဘူး။ အခုတော့ တနေကုန် လူပုံအလယ်မှာ ၀ါးလုံးတွေနဲ့ ရိုက်ပြီးဖမ်းသွားတာ အခုဆို ၆ ရက်ရှိပြီ။”
ရိုက်နှက်ဖမ်းဆီးခံရတဲ့ ကိုဂွေကို မင်းတုန်းဆေးရုံမှာ တင်ထားပြီး အခြေအနေစိုးရိမ်ရတယ်လို့ ဆေးရုံ အသိုက်အဝန်းက သိရပါတယ်။
ဇူလိုင် ၁၄ ရက်ကလည်း မင်းတုန်းမြို့ကနေ တောင်ပေါ်စိုက်ခင်းကို ဆိုင်ကယ်နဲ့သွားတဲ့ ကိုရွှေ၀င်းဟာ စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ရတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။
“စစ်ဆေးရေးဂိတ်ကစစ်တော့ သူ့ပိုက်ဆံအိတ်ထဲမှာ ဟိုတုန်း ဗိုလ်ချုပ်အောင်ဆန်းပုံပါတဲ့ ငွေစက္ကူဟောင်းကို တွေ့လို့ ဖမ်းလိုက်တာ၊ သူ့ကိုလည်း ရိုက်ပြီးဖမ်းသွားတာ၊ အခုထိ အိမ်နဲ့ ပေးမတွေ့ဘူး။ သူတို့က ဈေးလာဝယ်ရင် အထုပ်ကြီးကြီးတွေနဲ့ဆိုရင် အကုန်သိမ်းတာ၊ တခု နှစ်ခုလောက်ပဲ ပေးသယ်တယ်။ ကော်ဖီမစ်လိုဟာတောင် သိမ်းတယ်၊ ဘာမှများများစား စားဝယ်မရဘူး။ အများကြီး၀ယ်ရင် PDF အတွက်ဆိုပြီး သိမ်းဆည်းပြီး ရိုက်တော့တာပဲ၊ မထင်ရင် အဖမ်းပါခံရတယ်။”
မင်းတုန်းမြို့မှာ စစ်ဆေးရေးဂိတ်တွေက မြို့အ၀င်ဂိတ်၊ တောင်ပေါ်ကရွာတွေကိုသွားတဲ့ ပြောင်ရွာမှာ ဂိတ်တခု၊ သီးပင်းကုန်းကျေးရွာမှာ ဂိတ်တခု စစ်ကောင်စီတပ်က ချထားပြီး စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တောင်ပေါ်က ဆင်းလာသူအားလုံးကိုလည်း စစ်ဆေး ဖမ်းဆီးရိုက်နှက်တာတွေ လုပ်နေတာကြောင့် ဘယ်သူမှ မသွားရဲတော့ပဲ၊ တောင်ပေါ်ရွာတွေက ဒေသခံတွေ စား၀တ်နေရေး၊ ဆေး၀ါးတွေ အခက်အခဲတွေ့နေကြပါတယ်။
ဒါ့အပြင် တောင်ပေါ်ရွာအားလုံးကို PDF ထောက်ပို့လုပ်နေတယ်ဆိုပြီး စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ လမှစတင်ကာ ရွာတွေကနေနှင်ထုတ်ပြီး အိမ်တွေကိုပါ ဖျက်သယ်ခိုင်းထားကြောင်း၊ ဒါပေမဲ့ အများစုက လူတွေသာ ရွှေ့ပြောင်းတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။