မုံရွာမြို့ သံလ္လာရပ်ကွက်မှာ ဇူလိုင် ၁၇ ရက်နေ့ ည ၇ နာရီခွဲလောက်က ဆိုင်ကယ်စီးလာတဲ့ အမျိုးသား ၂ ယောက်ကို စစ်ကောင်စီတပ်ဖွဲ့က စစ်ကားနဲ့ နောက်ကလိုက်တိုက်ပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆိုင်ကယ်စီးလာတဲ့ အမျိုးသား ၂ ယောက်ဟာ သံလ္လာရပ်ကွက်ရှိ မိုးကောင်းလမ်းနဲ့ ဆည်မြောင်းလမ်းထောင့်အရောက်မှာ စစ်ကားနဲ့ လိုက်တိုက်ခံရတာကြောင့် ဆိုင်ကယ်လဲကျသွားခဲ့ပြီးနောက် သေနတ်နဲ့ ပစ်ခတ်ခံရတာလို့ ဆိုပါတယ်။
“ကျမတို့ လမ်းမှာ ဖြစ်သွားတာ။ ကောင်လေးနှစ်ယောက် မောင်းလာတာကို ကားနဲ့နောက်က အတင်းလိုက်တိုက်တာ။ တိုက်ခံရလို့ ဆိုင်ကယ်ရော လူရော လဲကျသွားတဲ့ အနေထားမှာ သေနတ်နဲ့ ပစ်တယ်။ အဲဒီထဲက ကောင်ကလေးတယောက်က အတော်ထိသွားတယ်။ အသက်ရှင်ဖို့ မလွယ်ဘူး” လို့ ရပ်ကွက်နေ အမျိုးသမီးတဦးက ပြောပါတယ်။
သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ လူငယ် ၂ ဦးဟာ မည်သူမည်ဝါဆိုတာ မသိရသေးဘဲ ဒဏ်ရာတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခေါ်သွားတယ်လို့ ဆိုပါတယ်။
မုံရွာမြို့မှာ ဆိုင်ကယ်နဲ့ကားများကို မြို့တွင်း၊ မြို့ပြင် လမ်းမကြီးတွေသာမက ရပ်ကွက်အတွင်းက လမ်းဆုံတွေအထိပါ စစ်ကောင်စီတပ်ဖွဲ့က နေ့စဉ် စစ်ဆေးနေပြီး ဆိုင်ကယ် တစီးတည်း အမျိုးသား ၂ ဦး စီးနင်းရင် ဖမ်းဆီးငွေတောင်းတာတွေအပြင် သေနတ်နဲ့ ပစ်ခတ်တာတွေလည်း ပြုလုပ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၉ ရက်နေ့ကလည်း မုံရွာမြို့ ဇလုပ်ဝိုင်းပတ်အနီးမှာ ဆိုင်ကယ်စီးတဲ့ သာမာန်ပြည်သူ အမျိုးသားလူငယ် ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် နေရာမှာတင် နှစ်ဦးလုံး သေဆုံးခဲ့ပါတယ်။