Home
မြန်မာသတင်း
နိုင်ငံခြားသားပိုင်ဆိုင်မှု ၃၅ ရာခိုင်နှုန်းပါသည့် နိုင်ငံသားကုမ္ပဏီများ၏ငွေစာရင်းမှ ဒေါ်လာ လက်ကျန်ငွေများ မြန်မာငွေလဲရန် ညွှန်ကြား
DVB
·
July 16, 2022

နိုင်ငံခြားသားပိုင်ဆိုင်မှု ၃၅ ရာခိုင်နှုန်း  အထိ ပါဝင်တဲ့ မြန်မာကုမ္ပဏီတွေရဲ့ နိုင်ငံခြားငွေ စာရင်းထဲက လက်ကျန်ငွေတွေကို ဇူလိုင်လ ၁၈ရက်နေ့ နောက်ဆုံးထားပြီး မြန်မာကျပ်ငွေနဲ့ လဲလှယ်ဖို့  AD လိုင်စင်ရ ဘဏ်တွေကို စစ်ကောင်စီ ဗဟိုဘဏ်က ညွှန်ကြားလိုက်ပြန်ပါတယ်။

နိုင်ငံခြားသုံးငွေများ ရောင်းဝယ် ဖောက်ကားသည့်လုပ်ငန်း (AD)လိုင်စင်ရဘဏ်အသီးသီးမှာ ဖွင့်လှစ်ထားတဲ့ ကုမ္ပဏီ တွေရဲ့ နိုင်ငံခြားငွေစာရင်းထဲက လဲလှယ်ဝယ်ယူရရှိတဲ့ ဒေါ်လာငွေပမာဏကို ဇူလိုင်လ ၁၈ရက်နေ့ နောက်ဆုံးထားပြီး Bank Customer (Bid) နဲ့ Non-trade Inward (Real Time- R) စာရင်းတွေမှာ ထည့်သွင်း တင်ပြဖို့ အကြောင်းကြားခဲ့တာဖြစ်ပါတယ်။

အခုညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့ရင် နိုင်ငံခြားငွေစီမံခန့်ခွဲမှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့လည်း ဗဟိုဘဏ်က သတိပေးထားပါတယ်။

စစ်ကောင်စီဖွဲ့စည်းထားတဲ့ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှု ကော်မတီက နိုင်ငံခြားသားပိုင်ဆိုင်မှု ၃၅ရာခိုင်နှုန်း အထိ ပါဝင်တဲ့ မြန်မာကုမ္ပဏီတွေရဲ့ နိုင်ငံခြားသုံးငွေ စာရင်းတွေက နိုင်ငံခြားငွေတွေကို မြန်မာကျပ်ငွေနဲ့ လဲလှယ်စေဖို့ ဆုံးဖြတ်ခဲ့တဲ့အပြင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ၁၀ ရာခိုင်နှုန်းနဲ့အထက် ပါရှိတဲ့ မြန်မာကုမ္ပဏီ တွေကိုလည်း နိုင်ငံခြားသုံးငွေ ကန့်သတ်ချက်ကနေ ကင်းလွတ်ခွင့်ပေးထားတာကို ဗဟိုဘဏ်က ပြန်ပယ်ဖျက်လိုက်ပါတယ်။

အခုလို ပြည်တွင်းကုမ္ပဏီတွေရဲ့ ဒေါ်လာတွေကို ထိန်းချုပ်နေတာဟာ  ဒေါ်လာငွေလဲနှုန်းကိုပိုမို မြင့်တက်လာစေနိုင်ပြီး ကုမ္ပဏီတွေရဲ့ လုပ်ငန်းလည်ပတ် ငွေကြေးစီးဆင်းမှုကိုလည်း တိုက်ရိုက် ရိုက်ခတ်မှုရှိနိုင်တာမို့ ကုမ္ပဏီတွေအနေနဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ ပိုမိုကြုံတွေ့ရနိုင်တာ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။ 

စစ်ကောင်စီဟာ မြန်မာကျပ်ငွေ ထိုးကျပြီး ပြည်တွင်းဒေါ်လာဈေးမြင့်တက်နေတာကို ထိန်းချုပ်ဖို့ ရည်ရွယ်ပြီး ပြင်ပမှာ တစ်ဒေါ်လာ ၂၀၀၀ ကျပ် အထက် ဈေးပေါက်နေချိန်မှာ ကုမ္ပဏီတွေရဲ့ ငွေစာရင်းထဲက ဒေါ်လာတွေကို အမေရိကန်တစ်ဒေါ်လာ ၁၈၅၀ကျပ်နဲ့ မဖြစ်မနေလဲလှယ်စေခဲ့ပါတယ်။ 

အဲဒီလို ထုတ်ပြန်ပြီးတဲ့အခါ ဝေဖန်ကန့်ကွက်မှုတွေရှိလာတာကြောင့် သံတမန်တွေ၊ အထူးစီးပွားရေးဇုန်က ရင်းနှီးမြှုပ်နှံမှုတွေ၊ နိုင်ငံခြားဘဏ်တွေ။နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁၀ ရာခိုင်နှုန်းအထက် ရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အဲဒီလိုမြန်မာငွေလဲလှယ်ခိုင်းမှုကနေ ကင်းလွတ်ခွင့်ပြုခဲ့ပါတယ်။

 အဲဒီနောက် ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့မှာတော့ ၁၀ ရာခိုင်နှုန်းအထက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရှိတဲ့ လုပ်ငန်းတွေကို တစ်ဒေါ်လာ ၁၈၅၀ ကျပ်နဲ့ မဖြစ်မနေ ဒေါ်လာလဲလှယ်ရခြင်းက ကင်းလွတ်ခွင့်ကို ပယ်ဖျက်လိုက်ပါတယ်။

ဒါ့အပြင်လည်း ပြည်ပနိုင်ငံတွေထံ နိုင်ငံခြားငွေ စီးဆင်းမှုကို ကြပ်မတ်တဲ့ အနေနဲ့  ပြည်တွင်းနဲ့ နိုင်ငံတကာကုမ္ပဏီက ပြည်ပကနေရယူထားတဲ့ ချေးငွေတွေအတွက် အတိုး/အရင်း ပြန်ဆပ်ခြင်းကိုလည်း ဆိုင်းငံ့ထားဖို့ ညွှန်ကြားခဲ့ပါတယ်။ 

ပြည်ပပို့ကုန်တွေနဲ့ ပက်သက်ပြီးလည်း ပို့ကုန်ဝင်ငွေကို ဘတ်နဲ့ယွမ်ငွေ ပေးချေမှုအစား အမေရိကန်ဒေါ်လာဖြင့်သာ ဆောင်ရွက်ဖို့ ညွှန်ကြားထားပြန်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024