ရှမ်းပြည်နယ်တောင်ပိုင်း ၊ ဖယ်ခုံမြို့နယ် ၊ ပိန္နဲကုန်းရွာ နဲ့ မခေခမ်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ စခန်းတွေကို အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့ ၊ ဖယ်ခုံ PDF တပ်ရင်း ၂ ၊ နေပြည်တော် PDF နဲ့ Inle PDF အဖွဲ့တို့က တိုက်ခိုက်ခဲ့တယ်လို့ အလယ်ပိုင်းတိုင်းအထူး စစ်ဆင်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ဇူလိုင် ၁၄ ရက်မနက်ပိုင်းက စစ်ကောင်စီ တပ်မ ၅၅ နဲ့ တပ်မ ၆၆ တို့ တပ်စွဲထားတဲ့ စခန်းတွေကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီးလက်နက်ငယ်တွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့ရာ ထိုတိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား ၁၁ ဦး သေဆုံးသွားတယ်လို့ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့ထံက သိရပါတယ်။
အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့မှ တာဝန်ရှိသူက “ဇူလိုင် ၁၃ ရက်နေ့ ညပိုင်းကတည်းက စစ်ရေးအခြေအနေ တင်းမာနေတာ။ ၁၄ ရက်နေ့ မနက်ပိုင်းမှ တိုက်ပွဲ စဖြစ်တာ။ တိုက်ပွဲက နေ့တစ်ပိုင်း နီးပါး ကြာပါတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။
တိုက်ပွဲအပြီး စစ်ကောင်စီဘက်က အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်နေသလို လက်နက်ကြီး တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကာကွယ်ရေး တပ်ဖွဲ့တွေ အနေအနဲ့ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။