Home
မြန်မာသတင်း
ထားဝယ်ထောင်တွင် နိုင်ကျဉ်း ၃ ဦးအပါအဝင် အကျဉ်းသားအချို့ ရိုက်နှက်ခံရ
DVB
·
July 15, 2022

တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ထားဝယ်အကျဥ်းထောင်မှာ နိုင်ငံရေးအကျဥ်းသား ၃ ယောက် အပါအဝင် အကျဥ်းသားနဲ့ အချုပ်သား ၁၀ ယောက်ကျော်ကို ဇူလိုင် ၁၄ ရက် ညနေပိုင်းက ရေချိုးနောက်ကျတယ်လို့ဆိုကာ အကျဥ်းထောင်အာဏာပိုင်တွေက ထိုးကြိတ်ရိုက်နှက်ခဲ့တယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီက ပြောပါတယ်။

ညနေ ၅ နာရီ ထောင်ပိတ်ချိန်အမီ ရေချိုးဖို့ နောက်ကျကျန်နေတဲ့ အကျဥ်းသားနဲ့ အချုပ်သား ၁၀ ‌ယောက်ကျော်ကို အကျဥ်းထောင်အရာရှိတယောက်က စတင်ရိုက်နှက်ထိုးကြိတ်ခဲ့တာဖြစ်ပြီး ရိုက်နှက်ခံရသူတွေထဲမှာ ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် ၂ နှစ် ကျခံနေရတဲ့ အသက် ၂၀ ကျော်အရွယ် လူငယ်အမျိုးသား ၂ ယောက်၊ ပုဒ်မ ၅၀၅ (က)၊ ၁၉ (စ) တို့နဲ့ ထောင်ဒဏ် ၃ နှစ် ကျခံနေရသူ လူငယ်အမျိုးသားတယောက်လည်း ပါဝင်တယ်လို့ သိရပါတယ်။

စတင်ထိုးကြိတ်ရိုက်နှက်ခဲ့သူ အကျဥ်းထောင်အရာရှိမှာ အမှတ် ၃ အိပ်ဆောင်မှူး ဇော်ဇော်ထက်ဆိုသူဖြစ်ပြီး ရိုက်နှက်ခံရမှုကြောင့် ဒဏ်ရာရရှိတဲ့ အခြေအနေကိုတော့ အသေးစိတ်မသိရသေးပါဘူး။

ထားဝယ်အကျဥ်းထောင်အတွင်း တခြားပုဒ်မနဲ့ အကျဥ်းကျခံနေရသူတွေကတော့ အကျဥ်းထောင်တာဝန်ရှိသူတွေကို လာဘ်ထိုးပြီး အချိန်မရွေး ရေချိုးလို့ရနေပေမဲ့ နိုင်ငံရေးအကျဥ်းသားတွေအပေါ် အခုလို ရိုက်နှက်ထိုးကြိတ်တာဟာ ရည်ရွယ်ချက်ရှိရှိ နှိမ့်ချဆက်ဆံတာလို့ ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက် (DPPN) တာဝန်ရှိသူတယောက်က ပြောပါတယ်။

“စထိုးတဲ့သူ ဘယ်သူလဲဆိုတာ အတိအကျ သိထားပြီးပြီမို့လို့ တော်လှန်ရေးအောင်ပြီး ပြည်သူ့တရားစီရင်ရေး စတင်တဲ့အခါကျရင် အခုလို ရည်ရွယ်ချက်ရှိရှိ ခွဲခြားဖိနှိပ်ခဲ့တဲ့သူတွေကို ထိုက်သင့်တဲ့ပြစ်ဒဏ် ပေးရမယ်။”

ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း ထောင်ဝန်ထမ်းတယောက်ကို ကိုယ်ထိလက်ရောက် ပြုလုပ်တယ်လို့ဆိုကာ စိတ်ပုံမှန်မဟုတ်တဲ့ အကျဥ်းသားတယောက်ကို ထောင်အရာရှိတွေနဲ့ ဝန်ထမ်းတချို့က ဦးခေါင်းကွဲတဲ့အထိ ရိုက်နှက်ပြီး တိုက်ပိတ်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ ထားဝယ်အကျဥ်းထောင်မှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးခံထားရသူ ၅၀၀ လောက်ရှိပြီး အမိန့်ချခံထားရပြီးဖြစ်တဲ့ နိုင်ငံရေးအကျဥ်းသူ/သား ၃၀၀ လောက်နဲ့ အမှုရင်ဆိုင်နေရဆဲ အယောက် ၂၀၀ လောက်ရှိတယ်လို့ DPPN ဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024