ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ကယ်ဆယ်ရေးဆပ်ရိုးကျ (Lift) တံတားနားမှာ ဓားထိုးဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားတယောက်ကို ဇူလိုင် ၁၄ ရက် မနက်ပိုင်းက တွေ့ရှိပြီးတဲ့နောက် မသင်္ကာတဲ့သူတွေကို ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးတဲ့သူက စစ်တွေမြို့နယ်၊ မင်းဒရားချိတ် ရွာဟောင်းကျေးရွာနေ အသက် ၃၈ နှစ်အရွယ် အမျိုးသားတယောက်ဖြစ်ပြီး နောက်ကျောနဲ့ရင်ဘတ်မှာ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတာလည်း ဖြစ်ပါတယ်။
အဆိုပါလူသတ်မှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က မသင်္ကာသူတွေကို လိုက်လံဖမ်းဆီးနေရာမှာ ဖမ်းဆီးထားသူ ၃ ယောက် ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
တံတားအနီးနားမှာနေထိုင်တဲ့ အမျိုးသမီးတယောက်က “သားဖြစ်သူကို မသင်္ကာလို့ ရဲက လာဖမ်းတာ၊ သားဖြစ်သူကိုမတွေ့တဲ့အတွက် အသက် ၆၀ ကျော် အဖေဖြစ်သူကို ဖမ်းဆီးသွားတယ်” လို့ ပြောပါတယ်။
အခင်းမဖြစ်ပွားခင်ညက သေဆုံးသူ အမျိုးသားဟာ မူးယစ်သောက်စားထားပြီး ကယ်ဆယ်ရေးရပ်ကွက်နားက အုတ်ထိုင်ခုံကို ဖြိုဖျက်နေခဲ့တယ်လို့ ဒေသခံက ဆိုပါတယ်။
အဲဒါကြောင့် ရပ်ကွက်ထဲက လူငယ်တွေနဲ့ စကားများခဲ့ကြတာကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဖျန်ဖြေလို့ အားလုံးအိမ်ပြန်သွားခဲ့ကြတယ်လို့ ကယ်ဆယ်ရေးရပ်ကွက်က ပြည်သူတယောက်က ပြောပါတယ်။
အဲဒီလိုပြန်သွားပြီး နောက်ရက်ကျမှ အခုလို ဓားထိုးဒဏ်ရာတွေနဲ့ အလောင်းကို တွေ့ရှိခဲ့ကြတာလို့ ဆိုပါတယ်။