Home
မြန်မာသတင်း
ရခိုင်ပြည်နယ်တွင် ကျပ်တသောင်းတန် ငွေစက္ကူအတု ကျပ် ၃၆ သိန်းဖိုး ဖမ်းမိ
DVB
·
July 14, 2022

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နဲ့ တောင်ကုတ်မြို့နယ်တွေမှာ ဇွန်လနဲ့ ဇူလိုင်လ ဒုတိယပတ်အတွင်း ငွေကျပ်တသောင်းတန် ငွေစက္ကူအတု ၃၆ သိန်းဖိုး ဖမ်းဆီးရမိထားတယ်လို့ ပြည်နယ်ရဲအရာရှိထံက သိရပါတယ်။

ဇူလိုင် ၁၃ ရက်က တောင်ကုတ်မှာ တသောင်းတန်အတု ၃၃ သိန်းကျော်နဲ့ တရားခံ သုံးယောက်ကို ဖမ်းဆီးရမိခဲ့ပြီး ဇွန်လတုန်းကလည်း စစ်တွေမြို့က ဧရာဝတီဘဏ်မှာ ငွေလာလွှဲသူဆီကနေ တသောင်းတန်အတု ကျပ် ၃ သိန်းခွဲဖိုး ဖမ်းဆီးရမိခဲ့ကာ ငွေလာလွှဲသူကိုလည်း ဖမ်းဆီးထားတယ်လို့ ရဲအရာရှိက ပြောပါတယ်။

ဇူလိုင် ၁၂ ရက် မနက်ပိုင်းက တောင်ကုတ်မြို့နယ် မီးချောင်းထိုးကျေးရွာနားမှာ တသောင်းတန်အတုတွေ လဲပေးနေတယ်လို့ သတင်းရတဲ့အတွက် ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးခဲ့ရာမှာ အခုလို ဖမ်းဆီးရမိခဲ့တာလည်း ဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေက တောင်ကုတ်မြို့နယ် လိပ်ကုန်ဘောင်ကျေးရွာက အမျိုးသားတယောက်နဲ့ ပဒါကျေးရွာက အမျိုးသမီးနှစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၉ ခုနှစ် ဇွန်လ ၈ ရက်ကလည်း မောင်တောမြို့နယ်၊ ကမ္ဘောဇဘဏ်ခွဲမှာ ငွေလာလွှဲသူဆီကနေ တသောင်းတန်အတု ၄၁ သိန်းဖိုး ဖမ်းဆီးရမိခဲ့ပါသေးတယ်။

လက်ရှိမှာတော့ ငွေစက္ကူအတုတွေနဲ့ ဖမ်းဆီးရမိသူတွေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၁၀၅/၁၀၆ နဲ့ အမှုဖွင့် ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024