Home
မြန်မာသတင်း
ဖယ်ခုံမြို့နယ် အန်အယ်လ်ဒီအမတ် အပါအဝင် ၆ ဦး ထောင်ဒဏ်တသက် ချမှတ်ခံရ
DVB
·
July 13, 2022

၂၀၂၀ ရွေးကောက်ပွဲမှာ  အနိုင်ရခဲ့တဲ့  ဖယ်ခုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလွှတ် ဦးပီတယ် အောင် အပါအဝင် ၆ ဦးကို စစ်ကောင်စီက ထောင်ဒဏ် တသက်တကျွန်းချမှတ်ခဲ့တယ်လို့ တိုးတက် သော ကရင်နီပြည်သူ့အင်အားစု ( PKPF ) တာဝန်ရှိသူက ပြောပါတယ်။

သူတို့ကို့ ဘယ်အချိန်ကတည်းက ပြစ်ဒဏ်ချလိုက်တယ်ဆိုတာ ရက်စွဲတိအကျ မသိရဘဲ ဒီလကုန်ပိုင်းမှ ထောင်တသက် ချမှတ်ခံခဲ့ရမှန်းသိရှိရကြောင်း ကရင်နီပြည်သူ့အင်အားစု ( PKPF ) ပြောခွင့်ရသူက ပြောပါတယ်။

“ကျနော်တို့သိတာက ဒီလကုန်လောက်ကမှ သိတာ၊ ဒါပေမဲ့ ဘယ်ကတည်းကချလဲဆိုတာ ကျနော်တို့မသိရဘူး။ ကျနော်တို့ ဒီလကမှ စသိတာပေါ့။”

ဖယ်ခုံ အန်အယ်လ်ဒီအမတ် ဦးပီတယ်အောင်အပါဝင် ဦးလိုင်ကြူနဲ့ မောင်တက်တို့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၃၀ ရက်က  ရှမ်းပြည်နယ် နမ့်စန်မြို့အဝင်ဂိတ်မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

သူတို့နဲ့အတူ  ဖယ်ခုံမြိုနယ် အန်အယ်လ်ဒီပါတီဝင်၊ ဦးအန်ဂျလို၊ ဇင်သော်ဟိန်းနဲ့ မောင်နိုးတို့လည်း ဖမ်းဆီးခံခဲ့ရပြီး သူတို့တွေဟာ လူသတ်မှု ပုဒ်မ ၃၀၂ ၊ အားပေးကူညီမှုပုဒ်မ ၁၁၄ ၊ လက်နက်ဥပဒေပုဒ်မ ၁၉ (စ) အပြင် မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇ (၁)နဲ့ပါ တရားစွဲဆိုခံရတာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်တဲ့သတင်းအရ သူတို့ဟာ ဖယ်ခုံ  PDF အဖွဲ့ဝင်တွေဖြစ်ကြပြီး  ပြီးခဲ့မတ်လတုန်း ဖယ်ခုမြို့နယ် ဝါရီတောင်ခြေမှာ စစ်တပ်အရာရှိ နှစ်ဦးနဲ့တပ်သားနှစ်ဦး သတ်ဖြတ်ခံရမှုနဲ့ အုပ်ချုပ်ရေးမှူး အသတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ဖမ်းဆီး တရားစွဲဆိုခံခဲ့ရတယ်လို့ ဖယ်ခုံ PDF တာဝန်ရှိသူတဦးက ပြောပါတယ်။

လက်ရှိမှာတော့ သူတို့ကို ညောင်ရွှေမြို့နယ် တောင်လေးလုံးထောင်မှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

လက်ရှိအချိန်အထိ ကရင်နီပြည်မှာ  စစ်ကောင်စီက တရားစွဲဆိုပြီး ထောင်ဒဏ်ချမှတ်ထား သူ အယောက် ၁၄၀ နဲ့ တရားရင်ဆိုင်နေဆဲ ၁၁၇ ဦး ရှိတယ်လို့ PKPF ရဲ့ ဇူလိုင် ၉ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။

ထောင်ဒဏ်ချမှတ်ခံထားရသူတွေထဲမှာ အသက်မပြည့်သေးတဲ့  ၁၅ နှစ်အရွယ် နှစ်ဦး၊ ၁၇ နှစ်အရွယ်တစ်ဦးနဲ့ ၁၈ နှစ်အရွယ် နှစ်ဦးလည်း ပါဝင်ပြီး မန္တလေးအကျဉ်းထောင်မှာ ထိန်းသိမ်းထားတယ်လို့ PKPF က ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024