Home
မြန်မာသတင်း
နျူကလီးယားစွမ်းအင်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး မြန်မာစစ်ခေါင်းဆောင်နှင့် ရုရှားညွှန်ချုပ် တွေ့ဆုံဆွေးနွေး
DVB
·
July 13, 2022

မြန်မာစစ်ကောင်စီလက်အောက်ခံ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနဲ့ ရုရှားနိုင်ငံပိုင် နျူကလီးယားကော်ပိုရေးရှင်း (Rosatom )တို့အကြား နားလည်မှုစာချွန်လွှာတရပ်ကို အတည်ပြု လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့  စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပါတယ်။

ရုရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ရုရှားနိုင်ငံပိုင် နျူလီးယားကော်ပိုရေးရှင်း (Rosatom) ညွှန်ကြားရေးမှူးချုပ် အလက်စီ လီခါချော့ဖ်တို့ ဇူလိုင် ၁၁ ရက်က တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်  နားလည်မှုစာချွန်လွှာ သဘောတူလက်မှတ်ထိုးလိုက်တာဖြစ်ပြီး စာချုပ်မှာ ဘာတွေပါဝင်သလဲဆိုတာကိုတော့ သတင်းမှာ အသေးစိတ်ဖော်ပြထားတာမရှိပါဘူး။ 

တွေ့ဆုံရာမှာတော့ နျူကလီးယားစွမ်းအင်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်မှာ နှစ်နိုင်ငံပြည်သူလူထု အကျိုး ရှိစေနိုင်မယ့် ကဏ္ဍတွေ ပူးပေါင်းဆောင်ရွက်ဖို့၊ နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုပြီး  သိပ္ပံနှင့် သုတေသန စမ်းသပ်တာ၊ ဆေးဝါးထုတ်လုပ်တာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ စက်မှုကဏ္ဍ၊ စားသောက်ကုန်ကဏ္ဍတွေမှာ အသုံးပြုဆောင်ရွက်နိုင်မယ့် အခြေအနေတွေ ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင်  မြန်မာစစ်ခေါင်းဆောင်ဟာ  ရုရှားနိုင်ငံပိုင် အာကာသကော်ပိုရေးရှင်း State Space Corporation “Roscosmos” သို့ သွားရောက်ပြီး  ရုရှားနိုင်ငံသမ္မတရဲ့ နိုင်ငံတကာ အာကာသဆိုင်ရာ အထူးသံတမန်နဲ့ “Roscosmos”ရဲ့ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဒီမီထရီ ရာဂိုဇင်နဲ့ တွေ့ဆုံကာ သိပ္ပံနှင့် နည်းပညာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာတွေ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ခေါင်းဆောင်နဲ့အဖွဲ့ဟာ ဇူလိုင် ၁၁ ရက်က ရုရှား-အာဆီယံ စီးပွားရေးကောင်စီဥက္ကဋ္ဌ အီဗန် ပါလျာကော့ ဦးဆောင်နဲ့အဖွဲ့နဲ့လည်းတွေ့ဆုံခဲ့ပြီး  စိုက်ပျိုးရေးကို အခြေခံတဲ့ ထုတ်ကုန်တွေ တင်ပို့နိုင်ရေး၊ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုအတွက် နည်းပညာလိုအပ်ချက်တွေ ပူးပေါင်းဆောင်ရွက်ဖို့နဲ့၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနဲ့ နှစ်နိုင်ငံ ပို့ကုန်၊ သွင်းကုန် အဆင့်မြှင့်တင် ဆောင်ရွက်ဖို့ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။

ဇူလိုင် ၁၂ ရက်မှာတော့ စစ်ခေါင်းဆောင်နဲ့အဖွဲ့ဟာ မော်စကိုမြို့၊ ကာလုဂါပြည်နယ်၊ ETHNOMIR ကမ္ဘာ့ယဉ်ကျေးမှုမြို့တော်ရှိ ရွှေစည်းခုံပုံတူ စေတီတော်ကြီးမှာ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲနဲ့  ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကျင်းပခဲ့ပါတယ်။

ဒီအခမ်းအနားကို သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ၊ ကျောက်မဲဆရာတော် ဒေါက်တာ ဘဒ္ဒန္တ စန္ဒနဿရ၊ တိပိဋက ဆရာတော် ဘဒ္ဒန္တ သီလက္ခန္ဓာဘိဝံသနဲ့ ဒေါက်တာ ဘဒ္ဒန္တ ဆေကိန္ဒ (ဓမ္မဒူတ ဆရာတော်)တို့ တက်ရောက်ခဲ့ပါတယ်။

ဒါ့အပြင် ရုရှားနိုင်ငံ၊ အထက်လွှတ်တော် ဒုဥက္ကဋ္ဌ ခွန်စတန်တင်ခိုဆာချဲ့ဗ်၊ ရုရှား ကာကွယ်ရေး ဒုဝန်ကြီး လက်ဇန်းဒါး ဗာစီးလီယယ်ဗစ် ဖိုမင်တို့လည်းတက်ရောက်ခဲ့သလို စစ်ကောင်စီဝင် မန်းငြိမ်းမောင်၊ စစ်ကောင်စီတွဲဖက်အတွင်း ရေးမှူး ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဝန်ကြီး ဦးမျိုးသိန်းကျော်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ စစ်ရေးချုပ် ဒုဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊ ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဒုဝန်ကြီး ဦးအောင်မြိုင်၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးနဲ့ စစ်ခေါင်းဆောင်ရဲ့ ဇနီးနဲ့အဖွဲ့ တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

ရုရှားရောက် စစ်ကောင်စီတပ်က ပညာတော်သင် သင်တန်းသား အရာရှိတွေကိုလည်း စစ်ခေါင်းဆောင်က တွေ့ဆုံခဲ့ပြီး ရေခြား၊ မြေခြားမှာ ကာလရှည် သင်တန်းတက်ရောက်နေကြတဲ့ အရာရှိတွေဖြစ်လို့ မိမိတို့နိုင်ငံရဲ့ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုတွေကို မှန်မှန်ကန်ကန် သိရှိရန်လိုအပ်မှာဖြစ်ကြောင်း ပါတီစုံဒီမိုကရေစီ စနစ် လျှောက်လှမ်းရေးကို ခိုင်ခိုင်မာမာဖြစ်စေရန် တပ်မတော်က ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်းနဲ့ အာဏာသိမ်းရတဲ့ အကြောင်းရင်းတွေကို ဝါဒဖြန့် ရှင်းပြခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ စစ်တပ်ထောက်ခံတဲ့ ကြံ့ခိုင်ရေးပါတီ အပြတ်အသတ်ရှုံးနိမ့်သွားပြီးနောက်မှာ လက်ရှိသမ္မတကို အပြစ်မရှိ ဖမ်းဆီးခဲ့ပြီး စစ်တပ်က မဲစာရင်းအကြောင်းပြ ၂၀၀၈ ဖွဲ့စည်းပုံကို ချိုးဖောက်ကာ တရားမဝင် အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ရုရှားနိုင်ငံကို ဇူလိုင် ၁၀ ရက်က စတင်ပြီး ပုဂ္ဂလိက ခရီးစဉ်အဖြစ် ရောက်ရှိလာတာဖြစ်တယ်လို့ ရုရှားသတင်းတွေမှာ ရေးသားဖော်ပြပါတယ်။ အခုလို ရုရှားနိုင်ငံကို MAI အထူးလေယာဉ်နဲ့ ပုဂ္ဂလိက ခရီးစဉ်အဖြစ် လာရောက်တဲ့ခရီးစဉ်မှာ စစ်ခေါင်းဆောင်ဟာ သူ့ရဲ့ ဇနီးအပြင် စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ ဇနီးတွေကိုပါ ခေါ်ဆောင်လာတာဖြစ်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့အဖွဲ့ဟာ တာတာစတန်ပြည်နယ် သမ္မတ ရုစတန် နုဂါလိယယ်ဗစ်ချ် မင်နီခါ့နော့ဖ်နဲ့တွေ့ဆုံဖို့ ကာဇန်မြို့ကို ဆက်လက်သွားရောက် နေတယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ထားပါတယ်။

Photo- DSINFO

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024