Home
မြန်မာသတင်း
ထီးလင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၂ ဦးသေဆုံး
DVB
·
July 13, 2022

မကွေးတိုင်း ထီးလင်းမြို့နယ်မှာ ဇွန် ၁၂ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ YDF ထီးလင်းတို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၂ ယောက် သေဆုံးကာ ဒဏ်ရာရသူတချို့ရှိတယ်လို့ YDF-ထီးလင်းက ပြောပါတယ်။

ထီးလင်းမြို့နယ် ဝက်သက် (မြောက်) ရွာမှာ ဇွန် ၁၁ ရက်နေ့နဲ့ ၁၂ ရက်နေ့တွေမှာ ညအိပ်စခန်းချနေတဲ့ စစ်ကောင်စီတပ်နဲ့ YDF တပ်ရင်း ၈ က တပ်စိတ် တစိတ်ပါတဲ့ ရဲဘော်တွေဟာ ဇွန် ၁၂ ရက်နေ့ ညနေ ၄ နာရီကျော်လောက်မှာ မိနစ်အနည်းငယ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီတပ်က ၂ ယောက် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ YDF-ထီးလင်းရဲ့ ခေါင်းဆောင် သခင်ဇော်က ဒီဗွီဘီကိုပြောပါတယ်။

“ကျနော်တို့ဘက်က ရဲဘော်တွေက ဝက်သက် (မြောက်) ရွာနားကို သွားရောက်ချည်းကပ်ရာမှာ သူတို့ရဲ့ ကင်းအဖွဲ့နဲ့တွေ့ပြီး ချုံခိုတိုက်ခိုက်ခဲ့တာပါ။ သူတို့ဘက်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ဆက်တိုက်ပစ်ခတ်လို့ ကျနော်တို့ဘက်က ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိဘဲ ဆုတ်ခွာပေးခဲ့ရတယ်။”

တိုက်ပွဲကြောင့် ဝက်သက် (ရွာမ)၊ ဝက်သက် (အရှေ့)၊ ဝက်သက်(တောင်) နဲ့ ဝက်သက် (မြောက်) ရွာဆိုပြီး ကျေးရွာ ၄ ရွာရှိကာ အဲဒီကျေးရွာတွေမှာ အိမ်ခြေ ၃၀၀ လောက်က ဒေသခံပြည်သူ ၁၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေကို ဘေးလွတ်ရာကိုပို့ဆောင်ပေးပြီး ဒေသခံ ကျေးရွာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ချိတ်ဆက်ပေးကာ စားဝတ်နေရေးနဲ့ ကျန်းမာရေးစောင့်ရှောင်မှုတွေ ဖြေရှင်းဆောင်ရွက်ပေးနေတယ်လို့ သခင်ဇော်က ပြောပါတယ်။

“တိုက်ပွဲဖော်ဆောင်မယ်ဆိုကတည်းက ပြည်သူတွေကို ကြိုတင်အကြောင်းကြားထားပေးတယ်ဗျ။ သူတို့မှာလည်း အခက်ခဲတွေရှိကြမှာပေါ့။ တိုက်ပွဲမဖြစ်လောက်ပါဘူးဆိုပြီး ပစ်ခတ်နေတဲ့ကြားမှာ ထွက်ပြေးလာတဲ့ ပြည်သူတွေလည်းရှိနေတယ်။ မိဘပြည်သူတွေအနေနဲ့ နောက်နောင်မှာ YDF/PDF တွေက သတိပေးနှိုးဆော်ချက်တွေကို တိတိကျကျလိုက်နာပေးကြဖို့ လိုအပ်တယ်။” 

ဝက်သက် (မြောက်) ရွာနားမှာမှာ ဇူလိုင် ၁၀ ရက်နေ့ မွန်းလွဲပိုင်းကလည်း စစ်ကောင်စီ စစ်ကြောင်းနဲ့ YDF တပ်ရင်း (၁၅) ရွှေစွန်ညိုတပ်ရင်း၊ YDF တပ်ရင်း (၆) ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024