မန္တလေးမြို့မှာ ဇူလိုင် ၁၀ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မှ ပြန်လာသူ ၂ ဦးဆီကနေ ကိုဗစ် -၁၉ ရေဂါပိုး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံက ပြန်လာတဲ့ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦးကို ကိုဗစ် ရှိ၊ မရှိစစ်ဆေးရာ ကိုဗစ်ပိုး တွေ့ရှိတဲ့အတွက် ကျန်းမာရေးအဖွဲ့နဲ့ လူမှုကူညီရေးအဖွဲ့တွေက ဆေးရုံကြီးကိုပို့ဖို့ လုပ်ဆောင်ရာ အမျိုးသမီးမှာ ထွက်ပြေးသွားခဲ့ပါတယ်။
“တာဝန်ရှိသူများ အကူအညီတောင်းခံမှုအရ ထိုင်းနိုင်ငံကနေ ပြန်လာတဲ့ ကျား၊ မ နှစ်ဦးကို ဆေးစစ်ရာ P+ ထွက်တယ်။ နှစ်ဦးလုံး ထွက်ပြေးသွားတယ်။ အမျိုးသားကို ပြန်လည်တွေ့ရှိလို့ မဏိမေခလာရှာဖွေကယ်ဆယ်အသင်းက ဆေးရုံကြီးကို ပို့ဆောင်ထားတယ်။ အမျိုးသမီးကိုတော့ အခုအချိန်အထိ မတွေ့ရှိသေးဘူး” လို့ ပရဟိတမင်းခေါင် လူမှုကူညီရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
အမျိုးသားမှာ အောင်မြေသာစံမြို့နယ်မှာ နေထိုင်ပြီး အသက် ၄၆ နှစ်အရွယ်ဖြစ်ကာ အမျိုးသမီးမှာ ချမ်းအေးသာစံမြို့နယ်မှာ နေထိုင်တဲ့ အသက် ၂၇ နှစ်အရွယ် ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ကိုဗစ်ပိုးတွေ့ရှိသူ နှစ်ဦးလုံးဟာ ကာကွယ်ဆေး ၂ ကြိမ်ထိုးထားပြီးသူတွေ ဖြစ်ကြပါတယ်။