ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ အင်းနက်ရွာမှာ ဇူလိုင် ၁၁ ရက် ဒီကနေ့ မနက် ၃ နာရီကစပြီး စစ်ကောင်စီတပ်နဲ့ ကေအန်ယူလက်အောက်ခံ KNLA တပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနက် ၁၀ နာရီအထိ စစ်ကောင်စီတပ်က အရာရှိတယောက် ရင်ဘတ်ထိမှန်ပြီး ကျောက်ကြီးဆေးရုံအရေးပေါ် တင်ထားရကာ ကျန်အဆင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ယောက်လည်း ဆေးရုံရောက်နေတယ်လို့ ဆေးရုံနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။
ကျောက်ကြီးမြို့ အဝင်ဆိုင်းဘုတ်နဲ့ အင်းနက်ရွာဘက်ကို မနက် ၁၁ နာရီ ဝန်းကျင်အထိ လက်နက်ကြီးတွေ၊ စက်လက်နက်ကြီးတွေနဲ့ ပစ်နေဆဲလို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါတိုက်ပွဲမှာ နှစ်ဖက်တပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးတဲ့စာရင်းကိုတော့ အတိအကျ မသိနိုင်သေးဘူးလို့လည်း ဆိုပါတယ်။
အခုလတွေအတွင်း စစ်ကောင်စီတပ်နဲ့ KNLA တပ်တို့ ထိတွေ့တိုက်ပွဲတွေ အကြိမ်ရေစိတ် လာတာကြောင့် ဇွန် ၂၅ ရက်ကစပြီး အင်းနက်၊ ကြို့ကုန်း၊ နရွဲပင်၊ ကျွန်းကုန်း၊ လယ်ဝိုင်းကြီး၊ ငါးဗျက်အင်း၊ သဲကုန်းနဲ့ ဝဲလပြင်း စတဲ့ ရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာနေရာတွေကို စစ်ဘေးရှောင်နေကြရတယ်လို့လည်း သိရပါတယ်။