Home
မြန်မာသတင်း
အမ်းမြို့နယ်တွင် ကျောင်းသားတဦး မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံး
DVB
·
July 10, 2022

ရခိုင်ပြည်နယ် အမ်းမြို့နယ် ကဇိုင်းကိုင်းကျေးရွာက ရှစ်တန်းကျောင်းသားတဦး ဇူလိုင် ၉ ရက်နေ့က ရွာအနီးကတောင်မှာ မျှစ်သွားချိုးစဉ် မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးသွားတယ်လို့ ကျေးရွာသားတဦးက ပြောပါတယ်။

အသက် ၁၅ နှစ်အရွယ် ရှစ်တန်းကျောင်းသား မောင်စည်သူကျော်လင်းဟာ ဇူလိုင် ၉ ရက်နေ့ စနေနေ့ ကျောင်းပိတ်ရက်မှာ ရွာအနီးက တောင်မှာ မျှစ်သွားချိုးစဥ် မြေမြှုပ်မိုင်းနင်းမိပြီး သေးဆုံးခဲ့ကာ ဇူလိုင် ၁၀ နေ့မနက်မှာမှ အလောင်းကို ရှာတွေတာလို့ ဆိုပါတယ်။

ရွာသားတဦးက "သူက ရှစ်တန်း ကျောင်းသားလေးပါ။ စနေနေ့ ကျောင်းပိတ်ထားတော့ ရွာအနီးက တောင်မှာ မျှစ်သွားချိုးဖို့ဆိုပြီးသွားခဲ့တာ အဲဒီမှာ မိုင်နင်းသွားတာပါ။ မနေ့က ၉ နာရီလောက်မှာဖြစ်တာပါ။ ရွာသားတွေက ရှာဖို့လုပ်ကြပေမဲ့ စစ်တပ်က ဟန့်တားခဲ့တာတွေ ရှိတယ်။ အဲဒီတောင်မှာက စစ်တပ်က တပ်စွဲထားတာတွေရှိတော့ အလောင်းကိုလည်း နောက်ထပ်မြေမြှုပ်မိုင်း ပေါက်ကွဲမှာစိုးလို့ သိပ်လည်း အရဲစွန့်ပြီး မရှာရဲကြဘူး။ ဒီနေ့ မနက်ပိုင်းကတော့ သူအဖေက အလောင်းကို တွေ့ခဲ့တာပါ။ ခြေတဖက်ပြတ်သွားတယ်။ နောက်လက်မောင်းမှာ ဒဏ်ရာတွေရသွားတယ်။ သွေးထွက်လွန်ပြီး သေသွားတာ ဖြစ်နိုင်တယ်” လို့ ပြောပါတယ်။

မိုင်းပေါက်ကွဲတဲ့ တောင်မှာ ရွာနဲ့ ၂ ဖာလုံလောက်သာ ကွာဝေးပြီး စစ်ကောင်စီက တပ်စွဲထားတာတွေရှိသလို မကြာခဏ မိုင်းပေါက်ကွဲလည်းရှိတာကြောင့် လူသူသွားရောက်တာ နည်းပါးတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

ဇူလိုင် ၈ ရက်နေ့ကလည်း မြောက်ဦးမြို့နယ် ပေါင်းတုတ်ကျေးရွာက ကလေး ၄ ဦး ခမရ ၃၇၇နဲ့ ၃၇၈ တပ်ရင်းကြားက တောင်အနီးမှာ နွားကျောင်းနေစဥ် မြေမြှုပ်မိုင်ပေါက်ကွဲကာ တဦး ခြေတဖက်ပြတ်သွားပြီး ကျန် ၃ ဦး ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။

ဇူလိုင် ၂ ရက်နေ့နဲ့ ၄ ရက်နေ့တွေကလည်း ကျောက်တော်မြို့နယ်က ရွာသား နှစ်ဦး မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် သေးဆုံးသွားခဲ့သလို ဇူလိုင် ၃ ရက်နေကလည်း မင်းပြားမြို့နယ်က ရွာသားတဦး မြေမြှုပ်မိုင်ထိပြီး ခြေတဖက်ပြတ်သွားကာ ဆေးကုသမှု ခံယူနေရပါတယ်။

ရခိုင်ပြည်နယ်မှာ ဇူလိုင်လအတွင်း မြေမြှပ်မိုင်း ပေါက်ကွဲပြီး သေဆုံးသူ ၃ ဦးနဲ့ ဒဏ်ရာရရှိသူ ၅ ဦးအထိ ရှိဖြစ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၂၂ ခုနှစ်အတွင်း မြေမြှုပ်မိုင်းပေါက်မှုကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရရှိသူ  ၃၀ နီးပါအထိ ရှိလာပြီဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024