Home
မြန်မာသတင်း
သထုံခရိုင်တွင် ၆ လအတွင်း တိုက်ပွဲ ၂၀၀ ကျော်ဖြစ်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ ကျော် သေဆုံး
DVB
·
July 9, 2022

ကေအန်ယူနယ်မြေ သထုံခရိုင်၊ အမှတ် (၁) တပ်မဟာ အုပ်ချုပ်နယ်မြေထဲမှာ ပြီးခဲ့တဲ့ ၆ လတာ ကာလအတွင်း တိုက်ပွဲပေါင်း ၂၀၉ ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီဘက်က ၄၄၅ ယောက်သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးက (ကေအန်ယူ)က ထုတ်ပြန်ပါတယ်။

ဇန်နဝါရီကနေ ဇွန်လအတွင်း နယ်မြေကျူးလွန် စစ်ရေးလှုပ်ရှားလာတဲ့ အာဏာသိမ်းစစ်ကောင်စီ တပ်တွေနဲ့ ကေအန်ယူ-သထုံခရိုင်၊ အမှတ် (၁) တပ်မဟာ လက်အောက်ခံတပ်တွေအကြား ထိတွေ့ပစ်ခတ်မှု တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ဘက်က ၃၂၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး ကေအန်ယူဆီ လက်နက်ချအလင်းဝင်လာသူ ၃ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

KNLA/KNDO နဲ့ ပူးပေါင်းတပ်တွေဘက်ကတော့ သူရဲကောင်း ၇ ယောက် အသက်စတေးခဲ့ရကာ ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၈ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ် ၁ နှစ်တာ ကာလအတွင်း စစ်ကောင်စီတပ်သား ၁၅,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၈၀၀ ကျော်ထိ ရှိခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်ကနေ အခုနှစ် မေ ၁၇ ရက်အထိ စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ဖော်ပြထားခဲ့တာဖြစ်ပြီး မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

Photo-KNU

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024