Home
မြန်မာသတင်း
မြစ်ကြီးနား အန်အယ်လ်ဒီ ခရိုင်အလုပ်အမှုဆောင် ဦးတင်ထွန်းသိန်း၏နေအိမ် ချိပ်ပိတ်ခံရ
DVB
·
July 8, 2022

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့က အထက်တန်းရှေ့နေလည်းဖြစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီရဲ့ ခရိုင်အလုပ်အမှုဆောင်လည်းဖြစ်သူ ဦးတင်ထွန်းသိန်းရဲ့ နေအိမ်ကို ဇူလိုင် ၈ ရက် မနက်ပိုင်းမှာ စစ်ကောင်စီက ချိပ်ပိတ်ခဲ့တယ်လို့ ဒေသခံတွေက ‌ပြောပါတယ်။

အင်ဂျန်ဒုံရပ်ကွက်မှာရှိတဲ့ ဦးတင်ထွန်းသိန်းရဲ့ နေအိမ်ကို စစ်ကောင်စီတပ်က ဇွန်လပိုင်းက စတင်ပြီး နေအိမ်အတွင်းရှိ ပစ္စည်းတွေကို ရွှေ့ပြောင်းခိုင်းခဲ့ပြီးနောက် ဒီနေ့မှာတော့ လာရောက်ချိပ်ပိတ်ခဲ့တာပါ။

အင်ဂျန်ဒုံရပ်ကွက်မှာ နေထိုင်သူတယောက်က “ပြီးခဲ့တဲ့ဇွန်လလောက်ကစပြီး နေအိမ်ကို မြေလာတိုင်းတယ်။ ပစ္စည်းတွေရွှေ့ခိုင်းတယ်။ ဒီနေ့မနက် ၁၀ နာရီလောက် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့က လာပြီး ချိပ်ပိတ်သွားတယ်။ ရဲတပ်ဖွဲ့က လမ်းပိတ်ပြီး အိမ်ကို ချိပ်လာပိတ်သွားတာ” လို့ ပြောပါတယ်။

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့မှ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခံထားရပြီး မြစ်ကြီးနားမြို့နယ် ရဲစခန်းကနေ (ပ)၈၀/၂၀၂၂ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၄ အမှုအရ ယာယီပိတ်သိမ်းထားသည်ဆိုတဲ့ စာတန်းချိတ်ဆွဲပြီး ဦးတင်ထွန်းသိန်းရဲ့နေအိမ်ကို ချိပ်ပိတ်ထားခဲ့တာပါ။

အထက်တန်းရှေ့နေတယောက်ဖြစ်တဲ့ ဦးတင်ထွန်းသိန်းဟာ ကချင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလို့ ဖမ်းဆီးခံရတဲ့လူငယ်တွေရဲ့ အမှုတွေကို ရှေ့နေအဖြစ် အခမဲ့ လိုက်ပါကူညီခဲ့သူလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဇူလိုင် ၈ ရက် တရက်တည်းမှာပဲ မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်မှာရှိတဲ့  လီဆူတိုင်းရင်းသားရေးရာဝန်ကြီးဟောင်း ဦးအားတီယောဟန်ရဲ့ နေအိမ်ကိုလည်း စစ်ကောင်စီက အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ၅၂(က) နဲ့ ချိပ်ပိတ်သွားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024