ထိုင်းလေပိုင်နက်ထဲကို မြန်မာလေတပ်ရဲ့ MiG-29 ဂျက်တိုက်လေယာဉ် ကျူးကျော်ဝင်ရောက်လာတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မြန်မာစစ်တပ်ဆီက တရားဝင်တောင်းပန်စာကို ထိုင်းအစိုးရကစောင့်နေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းက ပြောတဲ့ အကြောင်း ဘန်ကောက်ပို့စ် သတင်းစာမှာဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်က မြန်မာတိုက်လေယာဉ်တစီးဟာ မြန်မာနယ်စပ်ကနေ ထိုင်းဘက်ခြမ်း တာ့ခ်ခရိုင် ဖုပ်ဖရမြို့နယ်ထဲကို အကွာအဝေး ၄ ကီလို မှ ၅ ကီလိုမီတာထိ ဝင်ရောက်လာခဲ့တာ ဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ထိုင်းဘက်မှာလည်း အပျက်တစီးတချို့ ရှိခဲ့တာ ဖြစ်ပါတယ်။
ဒီလေယာဉ်ကိစ္စနဲ့ ပတ်သက်လို့ ဇူလိုင် ၄ ရက်က ပုဂံမှာ ကျင်းပခဲ့တဲ့ ၇ ကြိမ်မြောက် လန်ချန်း-မဲခေါင်အစည်းအဝေးမှာ စစ်ကောင်စီခန့်နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံစဉ် ဆွေးနွေးခဲ့တယ်လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဇူလိုင် ၅ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။
လေယာဉ်နယ်ကျော်ဝင်ရောက်မိခဲ့တဲ့အတွက် ဝမ်းနည်းမိပါကြောင်းနဲ့ စစ်ကောင်စီကနေ တရားဝင်တောင်းပန်စာပို့ပေးမယ့်အကြောင်း ဦးဝဏ္ဏမောင်လွင်ကပြောခဲ့ပြီး နောက်ထပ် ဒီလိုထပ်မဖြစ်အောင်လည်း မြန်မာစစ်ကောင်စီက အာမခံခဲ့ကြောင်းပြောပါတယ်။
ပြီးခဲ့တဲ့ ၁၀ စုနှစ်ကျော်တုန်းကလည်း လေယာဉ်နယ်ကျော်ဝင်ရောက်မှု တကြိမ်ရှိခဲ့ပြီး နောက်တကြိမ်ထပ်မဖြစ်အောင် မြန်မာဘက်ကထိန်းသိမ်းနိုင်ခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးကပြောပါတယ်။
တာ့ခ်ခရိုင်ထဲက ထိုင်းနိုင်ငံဘက်ခြမ်းနယ်စပ်တလျှောက်မှာလည်း နယ်ခြားစောင့်တပ်တွေ ကင်းလှည့်ပြီး ကရင်ပြည်နယ်ထဲက တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ရဲ့ တိုက်ပွဲတွေကို အနီးကပ်စောင့်ကြည့်နေတယ်လို့လည်း ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ်ကော်မတီရဲ့ သဘောတူညီချက်အရ တကယ်လို့ ထိုင်းဘက်ကို လက်နက်ကျရောက်ပေါက်ကွဲမှုရှိခဲ့ရင် သတိပေးမီးခိုးဗုံးနဲ့ ထိုင်းဘက်က ပြန်လည်ပစ်ခတ်မှာဖြစ်ပြီး၊ ဗုံးကျည်တွေ ဆက်လက်ကျရောက်ပေါက်ကွဲခဲ့ရင်တော့ ထိုင်းပြည်သူတွေရဲ့ လုံခြုံရေးအတွက် ထိုင်းဘက်ကနေ လက်နက်အစစ်တွေနဲ့ ပြန်လည်ပစ်ခတ်တိုက်ခိုက်မယ်လို့ ဆိုပါတယ်။
ထိုင်းဝန်ကြီးချုပ်လည်းဖြစ် ကာကွယ်ရေးဦးစီးချုပ်လည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ပရယုတ်ကျန်အိုးချားကတော့ ဒီကိစ္စဟာ ကြီးမားတဲ့ပြဿနာမဟုတ်ဘဲ မြန်မာဘက်ကလည်း ဝန်ခံတောင်းပန်ပြီးဖြစ်သလို ထိုင်းဘက်ကလည်း ခွင့်လွှတ်တယ်လို့ ပြောထားပါတယ်။
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေဒေသ၊ ဥကရစ်ထစခန်းမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA၊ KNDO ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီတပ်က တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ပြီးနောက် ထိုင်းလေပိုင်နက်ထဲ မြန်မာတိုက်လေယာဉ် ကျူးကျော်ဝင်ရောက်ခဲ့တာပါ။
ဇူလိုင် ၄ ရက်နေ့ကလည်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ ၅ နယ်မြေမှာရှိတဲ့ ရက္ခိုင့်တပ်တော် (အေအေ) ရဲ့ တပ်စခန်းကို စစ်ကောင်စီလေတပ်က ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ထိုင်းလေပိုက်နက်ထဲကို ဝင်ရောက်သွားတယ်လို့ အေအေက သတင်းထုတ်ပါတယ်။
ဥကရစ်ထတိုက်ပွဲမှာ ဇွန် ၂၇ ရက်ကနေ ဇူလိုင် ၁ ရက်အထိ ၅ ရက်တာ ကာလအတွင်းမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၁၂၅ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။
Ref- Bangkok Post