Home
မြန်မာသတင်း
စစ်ကောင်စီဩဇာခံ ငြိမ်းချမ်းရေးကော်မတီနှင့် တွေ့ဆုံပြီးနောက် အာဆီယံအထူးကိုယ်စားလှယ် နေပြည်တော်မှ ထွက်ခွာ
DVB
·
July 2, 2022

အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရတ်ဆာခွန်းဟာ ဇူလိုင် ၁ ရက်က နေပြည်တော်မှာ စစ်ကောင်စီဩဇာခံ ကော်မတီနဲ့တွေ့ဆုံပြီး မြန်မာပြည်ငြိမ်းချမ်းရေးနဲ့ လူသားချင်း စာနာမှုအကူအညီပေးရေးကိစ္စတွေဆွေးနွေးခဲ့ကြပါတယ်။ 

စစ်ကောင်စီအဖွဲ့ဝင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နဲ့ အာဆီယံကိုယ်စားလှယ်တို့ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

တွေ့ဆုံရာမှာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော် ဆောင်ရွက်မှုနဲ့ ပတ်သက်လို့ ရလဒ်ကောင်းတွေရတဲ့ အခြေအနေ၊ ဆက်လက် ဆောင်ရွက်မယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ၊ တွေ့ကြုံရသည့် အခက်အခဲတွေနဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်တွေဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပါတယ်။

အာဆီယံ အထူးကိုယ်စားလှယ်ဟာ  အန်စီအေ အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့နဲ့လည်း မနေ့က နေပြည်တော်မှာတွေ့ဆုံခဲ့ပြီး  တွေ့ဆုံရာမှာ  မြန်မာနိုင်ငံမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲဖို့၊ ပဋိပက္ခဒဏ်ခံစားနေရတဲ့ မြန်မာနိုင်ငံသူနိုင်ငံသားတွေ လူသားချင်းစာနာမှု အကူအညီရရှိဖို့နဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေ ပြန်လည်ဖော်ဆောင်နိုင်ရေး ကြိုးစားပေးသွားမယ်လို့ ပြောကြားခဲ့ကြောင်း PPST ရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က ဒီဗွီဘီကို ပြောပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်လည်းဖြစ် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးလည်းဖြစ်တဲ့ ပရတ်ဆာခွန်းဟာ မနေ့ညနေပိုင်းက  နေပြည်တော်ကနေ ပြန်လည်ထွက်ခွာသွားပါတယ်။

အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆာခွန်းဟာ မြန်မာနိုင်ငံကို ဒုတိယအကြိမ်ခရီးစဉ်ဖြစ်  ဇွန် ၂၉ ရက်ကနေ ဇူလိုင် ၃ ရက်အထိ  ၅ ရက်တာခရီး ရောက်ရှိနေတာဖြစ်ပြီး နေပြည်တော်မှာ စစ်ခေါင်းဆောင်အပါအဝင် ဝန်ကြီးတချို့နဲ့ တွေ့ဆုံခဲ့ပါတယ်။  ခရီးစဉ်အတွင်း နိုင်ငံရေးပါတီ တချို့က ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဖို့ရှိနေပြီး နေပြည်တော်အချုပ်ထောင်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် တောင်းခဲ့ပေမဲ့ စစ်ကောင်စီက ခွင့်မပြုခဲ့ပါဘူး။ 

PHOTO-MFAIC/MOI

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024