Home
ဆောင်းပါး
ကဗျာဆိုတာ ပြောက်ကျားလက်နက်
DVB
·
July 2, 2022

(က)

၂၀၀၈ ခုနှစ်အဝင် ကာလများမှာ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုစစ်မျက်နှာတခုရယ်လို့ ဆိုရမယ့် ကဗျာစာပေနယ်ပယ်မှာ ပေါက်ကွဲသံတွေ ဆူညံနေခဲ့ပါတယ်။ ဒီပေါက်ကွဲသံတွေဟာ ကမ္ဘာ့အာဏာရှင်စနစ်ဆန့်ကျင်ရေးတိုက်ပွဲသမိုင်းမှာ ကမ္ပည်းထိုးကြရမယ့် တိုက်ပွဲသံတွေလည်း ဖြစ်ပါတယ်။ ကျနော်ဆိုလိုတာကတော့ ကဗျာဆရာ စောဝေရဲ့ “ဖေဖော်ဝါရီဆယ့်လေး” ကဗျာ၊ ကဗျာဆရာ ကြည်မောင်သန်းရဲ့ “ဒီပရင်္ဂ” ကဗျာတွေဟာ စစ်အာဏာရှင်ရဲ့ ခံကတုတ်များဖြစ်ကြတဲ့ စာပေစိစစ်ရေး တူးမြောင်းတွေကို အပြင်းထန်ဆုံး ပစ်ခတ်ထိုးဖောက် တိုက်ခိုက်လိုက်တဲ့ တိုက်ပွဲသံတွေ ဖြစ်တယ်ဆိုတဲ့အကြောင်း ညွှန်းချင်တာပါ။ ဆိုလိုတာပါ။ ဒီအဖြစ်အပျက်တွေနဲ့ ဆက်စပ်ပြီး လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်လောက်က မြန်မာကဗျာနယ်ပယ်အတွင်း ဖြစ်ထွန်းခဲ့တဲ့ စာပေလှုပ်ရှားမှုတခုကို သွားပြီး သတိရမိပါတယ်။

၁၉၇၀ ပြည့်နှစ်ဝန်းကျင်က “စာပေဆည်းဆာ” ဆိုတဲ့ စာပေလှုပ်ရှားမှုတခု ရှိခဲ့ဖူးတယ်။ မဆလ တပါတီ အာဏာရှင်အောက်မှာ ဖြစ်တာမို့ ထင်ထင်ပေါ်ပေါ်တော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ ဒီ “စာပေဆည်းဆာ” ဟာ ကဗျာနဲ့ပတ်သက်တဲ့ ဖြစ်ထွန်းမှုတချို့ကို တွန်းတင်ပေးနိုင်ခဲ့ပါတယ်။ အထူးသဖြင့် အတတ်ပညာအပိုင်းမှာ ဖြစ်ပါတယ်။

“စာပေဆည်းဆာ” လှုပ်ရှားမှုရဲ့ အစီအစဉ်ထဲမှာ ကိုယ့်အစုနဲ့ကိုယ်၊ ကိုယ့်ဒေသနဲ့ကိုယ် ကဗျာစာအုပ်တွေ ထုတ်ကြဖို့ဆိုတဲ့ အစီအစဉ်လည်း ရှိခဲ့ပါတယ်။ ဒီအစီအစဉ်နဲ့ပဲ ဒေသအရဆိုရင် ပျဉ်းမနားက “တောင်ညိုခင်တန်း”၊ ပဲခူးက “ဒီရေ” နဲ့ “ဆီးပွင့်”။ တခြားဒေသတချို့ကလည်း ကဗျာစာအုပ်တွေ ထုတ်ကောင်း ထုတ်နိုင်ခဲ့ပါလိမ့်မယ်။ ကျနော် မှတ်မိသလောက် အဲဒီ ပဲခူး၊ ရန်ကုန်၊ ပျဉ်းမနား အစရှိတဲ့ဒေသက ကဗျာဆရာတွေက ကိုယ့်ဒေသရယ်လို့ မဟုတ်ဘဲ၊ တခြားဒေသက ကဗျာဆရာတွေဆီက ကဗျာတွေကိုပါ တောင်းပြီး ထုတ်တော့ ကိုယ့်ဒေသက တာဝန်ယူ ထုတ်ခဲ့ကြတဲ့သဘောပါပဲ။ ဥပမာ ... ကျနော်တို့ ပဲခူးကဆိုရင် “ဆီးပွင့်” ကဗျာစာအုပ်ထုတ်တော့ ရန်ကုန်က “မုံရွာအောင်ရှင်” တို့ ပျဉ်းမနားက “မောင်သင်းခိုင်” တို့ရဲ့ ကဗျာတွေကို တောင်းပြီး ကျနော်တို့ ကဗျာစာအုပ်မှာ ထည့်ခဲ့ကြတာပဲ။ ရာဇဝင်တွင်ဖို့ လိုအပ်တယ်လို့ ယူဆပြီး ပြောရရင် ရန်ကုန်မှာထုတ်တဲ့ ကဗျာစာအုပ်တွေဟာ၊ အသိုင်းအဝိုင်းအားဖြင့် ကျယ်ပါတယ်။ တကယ့်တပ်ပေါင်းစုသဘောလည်း ဆောင်ပါတယ်။ ဒီတုန်းက ရန်ကုန်ကထုတ်တဲ့ ပထမဦးဆုံးနဲ့ ဒုတိယအကြိမ်ထုတ်ဝေတဲ့ ကဗျာစာအုပ်ရဲ့ နာမည်တွေကို ဆရာ “ဒဂုန်တာရာ” က နာမည်ပေးခဲ့တာပါ။ လက်ရေးနဲ့ရေးတဲ့သူတွေက ပထမ “မုံရွာအောင်ရှင်”၊ ဒုတိယ “ကိုအောင်ငြိမ်း”။ ပထမဦးဆုံးထုတ်ဝေတဲ့ ကဗျာစာအုပ်ရဲ့ အမည်က “နွေဦးသစ်မှာပေါ်တဲ့ ပွင့်သစ်” တဲ့။ ဒုတိယစာအုပ်ကတော့ “မိုးရိပ် လေရိပ်” ဖြစ်ပါတယ်။ ဒီစာအုပ်တွေဟာ ထုတ်ဝေခွင့်ရယူပြီး တရားဝင်ပုံနှိပ်ထုတ်ဝေခဲ့တာ မဟုတ်ပါဘူး။ ဖယောင်းစက္ကူပေါ်မှာ ကညစ်နဲ့ရေးပြီး ဖယောင်းပုံနှိပ် လက်ရေးကဗျာစာအုပ်တွေအဖြစ် ထုတ်ဝေခဲ့ကြတာပါ။

ကျနော်ထင်ပါတယ်။ ဒီတုန်းက အဲဒီ “စာပေဆည်းဆာ” လှုပ်ရှားမှုဟာ အကြောင်းအရာ (နိုင်ငံရေး) အရ၊ အတတ်ပညာအရ မြန်မာကဗျာ ဖြစ်ထွန်းတိုးတက်မှုကို တွန်းတင်နိုင်ခဲ့တယ်လို့ ယူဆနိုင်ပါတယ်။ ဒီ “စာပေဆည်းဆာ” လှုပ်ရှားမှုထဲကပဲ စာပေအယူအဆတချို့ ပေါ်ထွက်လာခဲ့တယ်လို့ ဆိုရပါမယ်။

(ခ)

၁၉၇၀ ပြည့်နှစ်တဝိုက်က “စာပေဆည်းဆာ” လှုပ်ရှားမှုထဲမှာ ကျနော်စိတ်ဝင်စားတဲ့ အယူအဆ နှစ်ခု ရှိခဲ့ပါတယ်။ ပထမအချက်က “ကဗျာနှင့်လူ ထပ်တူဖြစ်မှု မဖြစ်မှု” ဆိုတဲ့ အယူအဆ။ နောက်တချက်ကတော့ “ကဗျာဆိုတာ ပြောက်ကျားလက်နက်” ဆိုတဲ့ အယူအဆပါပဲ။ ဒီကနေ့ ဒီဆောင်းပါးမှာတော့ “ကဗျာဆိုတာ ပြောက်ကျားလက်နက်” ဆိုတဲ့ အယူအဆကိုပဲ ကျနော်ပြောပါမယ်။

ပြောမယ့်သာပြောရတာပါ။ ဒီ “စာပေဆည်းဆာ” ကဗျာလှုပ်ရှားမှုလုပ်တဲ့အချိန်က ကျနော်က ကဗျာတပုဒ်ပဲ ပုံနှိပ်ဖော်ပြခံရဖူးသေးတဲ့ တကယ့် နောက်တန်းရဲ့ နောက်တန်းက လူတယောက်ပါ။ အသက်အရွယ်အားဖြင့်လည်း ၂၀ ဝန်းကျင်ပဲ ရှိပါသေးတယ်။ နောင်တော် ကဗျာဆရာတွေဖြစ်ကြတဲ့ “အောင်ငြိမ်း”၊ “မုံရွာ အောင်ရှင်”၊ “မောင်သင်းခိုင်”၊ “ဇော် (ပျဉ်းမနား)” တို့ရဲ့ နောက် ...၊ ခပ်လှမ်းလှမ်းက လူတယောက်ပါပဲ။ “စာပေဆည်းဆာ” ကိစ္စ၊ ကျနော့်မှာ ပြောခွင့်ရှိတဲ့ အနေအထား၊ ပြောနိုင်လောက်တဲ့ “ဝါ”၊ ကျနော့်မှာ မရှိပါဘူး။ အခုလို စာတတန် ပေတတန်ရေးပြီး ပြောတယ်ဆိုတာကလည်း ကိုယ့်ကိုယ်ကို ပြောနိုင်တဲ့ လူတယောက်လို့ ယူဆပြီး ပြောတာလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ “စာပေဆည်းဆာ” ကို ကျနော်တန်ဖိုးထားတယ်။ “စာပေဆည်းဆာ” ဟာ ကျနော်ရဲ့ ပဲ့ကိုင်၊ “စာပေဆည်းဆာ” ဟာ ကျနော့်ရဲ့ ဖြတ်သန်းမှုတခုဖြစ်တာမို့ “စာပေဆည်းဆာ” ကို လွမ်းသတဲ့အနေနဲ့ ကျနော်ရေးတာပါ။

အဲဒီ စာပေဆည်းဆာလှုပ်ရှားမှုထဲမှာ ကျနော်တို့ရဲ့ နောင်တော်ကြီးတွေ ပြောသံဆိုသံကြားလို့ ဝင်ပြီးနားထောင်၊ ဝင်ပြီး ဆွေးနွေးရင်းနဲ့ “ကဗျာဆိုတာ ပြောက်ကျားလက်နက်” ဆိုတဲ့ စကားကို ကျနော်ကြားခဲ့ရတာပါ။လွဲချင်လည်း လွဲနိုင်ပါတယ်။ “ကဗျာဆိုတာ ပြောက်ကျားလက်နက်ဖြစ်တယ်” ဆိုတဲ့ စကားကို ဆရာ “မောင်သင်းခိုင်” တို့က စပြီး ပြောခဲ့တာလို့ပဲ မှတ်ယူခဲ့ဖူးပါတယ်။

(ဂ)

ဒီ ၂၀၀၈ ခုနှစ်၊ နှစ်လယ်မကျော်ခင်မှာပဲ မြန်မာစာပေသမိုင်းမှာ ထင်ရှားတဲ့ အဖြစ်အပျက် နှစ်ခု ရှိခဲ့ပါတယ်။ နှစ်ခုစလုံး ကဗျာနဲ့ပတ်သက်တဲ့ သမိုင်းဝင်အဖြစ်အပျက်တွေပါပဲ။ ပထမအဖြစ်အပျက်ကတော့ ကဗျာဆရာ စောဝေရဲ့ “ဖေဖော်ဝါရီဆယ့်လေး” ကဗျာကိစ္စ၊ နောက်တခုကတော့ ကဗျာဆရာ “ကြည်မောင်သန်း” ရဲ့ “ဒီပရင်္ဂ” ကဗျာကိစ္စပါပဲ။

ဒီကဗျာ နှစ်ပုဒ်ဟာ တခုနဲ့တခု ဦးတည်ချက်ချင်းတော့ တူကြပါတယ်။ ဆရာ “စောဝေ” ရဲ့ ကဗျာက အုပ်စိုးသူ စစ်အစိုးရရဲ့ ဦးနှောက်နဲ့ နှလုံးသားကို တိုက်ရိုက်ထိုးနှက်တဲ့ ကဗျာဖြစ်ပြီး ဒုတိယကဗျာတပုဒ် ဆရာကြည်မောင်သန်းရဲ့ ကဗျာကတော့ စစ်အစိုးရဆန့်ကျင်ရေး တိုက်ပွဲဝင်အဖြစ်အပျက်နဲ့ တိုက်ပွဲဝင်ခေါင်းဆောင်တွေကို ဂုဏ်ပြုမှတ်တမ်းတင်တဲ့ကဗျာ ဖြစ်ပါတယ်။ ဟိုတုန်းက အသုံးပြုခဲ့တဲ့ စကားလုံးတွေအရ ပြောရရင် ဆရာစောဝေရဲ့ ကဗျာက “ဖွင့်ချရေး” အလုပ်ကိုလုပ်ပြီး ဆရာကြည်မောင်သန်းရဲ့ ကဗျာကတော့ “အမွှမ်းတင်ရေး” အလုပ်ကို လုပ်ပါတယ်။

ဒီအဖြစ်အပျက်နဲ့ ဒီကဗျာ နှစ်ပုဒ်ကိုကြည့်ရင် ကဗျာဆရာနှစ်ယောက်စလုံးဟာ လူထုဘက်က ရပ်တည်ကြတဲ့ ကဗျာဆရာတွေဆိုတာ ရှင်းပါတယ်။ အခုလို လူထုနဲ့ အုပ်စိုးသူ စစ်အစိုးရ ပဋိပက္ခဖြစ်တဲ့အခိုက်၊ ဒီကဗျာဆရာနှစ်ယောက်ဟာ လူထုဘက်ကရပ်ပြီး လူထုရဲ့ရန်သူ၊ ဖိနှိပ်သူ စစ်အစိုးရကို ထိုးနှက်တိုက်ခိုက်ကြတဲ့ ရာဇဝင်တွင်တဲ့ ကဗျာဆရာတွေပါပဲ။

ဒီနေရာမှာ ကဗျာဆရာနှစ်ယောက်စလုံး ကဗျာဆရာပီပီ၊ ကဗျာလက်နက်ကိုပဲ ကိုင်ဆွဲခဲ့ကြပေမဲ့ သူတို့ကိုင်ဆွဲတဲ့ကဗျာ၊ သူတို့အသုံးပြုတဲ့ကဗျာဟာ “ပြောက်ကျားလက်နက်” သဘော အသုံးပြုသွားတာ တွေ့ကြရပါတယ်။

စစ်အစိုးရဲ့ စာပေစိစစ်ရေး အဟန့်အတားတွေကို အလစ်အငိုက် ထိုးဖောက်ဝင်ရောက် ဖြတ်သန်းနိုင်ဖို့ သူတို့ရဲ့ကဗျာတွေဟာ ကိုယ်ရောင်ဖျောက်ထားတဲ့ကဗျာ စကားလုံး၊ ကိုယ်ရောင်ဖျောက်ထားတဲ့ ပါဒ၊ ကိုယ်ရောင်ဖျောက်ထားတဲ့ ကဗျာပိုဒ်တွေကို အသုံးပြုခဲ့ကြပါတယ်။ မထင်မှတ်တဲ့အချိန်၊ မထင်မှတ်တဲ့နေရာက မထင်မှတ်တဲ့ အသွင်သဏ္ဌာန်နဲ့ စစ်အစိုးရရဲ့ခံတပ်၊ စာပေစိစစ်ရေးကို အပြင်းထန်ဆုံး ဝင်ရောက်ထိုးဖောက် တိုက်ခိုက်လိုက်ကြတဲ့ သဘောပါပဲ။ ဒါဟာဖြင့် ပြောက်ကျားသေနင်္ဂဗျူဟာပါပဲ။

လူထုကြီးနဲ့ စစ်အစိုးရ အခုလို ရင်ဆိုင်ပဋိပက္ခဖြစ်နေတဲ့ အချိန်မှာ လူထုကြီးက လက်နက်မဲ့ ဖြစ်ပါတယ်။ ဖိနှိပ်သူ စစ်အစိုးရက လက်နက်ရှိ ဖြစ်ပါတယ်။ လူထုကြီးက အင်အားနည်းပြီး ဖိနှိပ်သူ စစ်အစိုးရက အင်အားကြီးပါတယ်။

စစ်ရေးသေနင်္ဂဗျူဟာမှာ အင်အားကြီးသူကို အင်အားနည်းသူက ရင်ဆိုင်တိုက်ခိုက်တဲ့အခါ “ပြောက်ကျားသေနင်္ဂဗျူဟာ” ဟာ အထိရောက်ဆုံးနဲ့ အမှန်ကန်ဆုံးဗျူဟာပါပဲ။ ပြောက်ကျားဗျူဟာမှာ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခြင်း၊ ကိုယ်ယောင်ဖျောက်ထားခြင်း၊ အသေမရပ်တည်ဘဲ အမြဲလှုပ်ရှားနေခြင်း၊ ရွှေ့လွယ်ပြောင်းလွယ်ဖြစ်ခြင်း၊ အစရှိတဲ့ အင်္ဂါရပ်တွေ ရှိပါတယ်။ လူထုကြီးဘက်က ရပ်တည်တဲ့ ကဗျာဆရာတွေဟာ သူတို့ရဲ့ ကဗျာလက်နက်ကို “ပြောက်ကျားလက်နက်” တခုအဖြစ် ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုခဲ့ကြပါတယ်။ ဒါကြောင့်မို့ ထိလည်း ထိရောက်ခဲ့ကြပါတယ်။ အုပ်စိုးသူဟာ အကြီးအကျယ် အထိနာခဲ့ရပါတယ်။

ဒီအဖြစ်အပျက်တွေကိုကြည့်ရင် ဟိုတချိန်တုန်းက “စာပေဆည်းဆာ” စာပေလှုပ်ရှားမှုရဲ့ အသီးအပွင့်တခုဖြစ်တဲ့ ကဗျာဆိုတာ ပြောက်ကျားလက်နက်တခု ဖြစ်တယ်ဆိုတဲ့ နည်းနာဟာ အခုလို စစ်အာဏာရှင်ရဲ့ အထွေထွေဖိနှိပ်ရေး ယန္တရားကြီးကို အပြင်းအထန် အထိနာစေမယ့် နည်းနာတခုဖြစ်ကြောင်း နှိုးဆော်လိုက်ပါရစေ။      ။

ငြိမ်းဝေ(ကဗျာ့အိုးဝေ)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024