မြန်မာပြည်တွင်းရွှေစျေးက တစ်ကျပ်သားကို ကျပ် သိန်း၂၀၅၀၀၀၀ အထက်မှာ ရက်အတန်ကြာ ငြိမ်နေခဲ့ရာက အခုရက်ပိုင်းအတွင်း ကျပ် ၂၀၆၀၀၀၀ အထက်ကို ထပ်မံ မြင့်တက်လာပါတယ်။
ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းကထုတ်ပြန်တဲ့ ဇူလိုင် ၁ ရက်နေ့ ညနေပိုင်းအကယ်ဒမီ မီးလင်းရွှေအပိတ်ဈေးက တစ်ကျပ်သား ၂၀၆၈၅၀၀ ဖြစ်ပြီး ရက်ပိုင်းအတွင်း ကျပ် ၁၀၀၀၀ ဝန်းကျင် စျေးထပ်မံမြင့်တက်လာတာဖြစ်ပါတယ်။
ကမ္ဘာ့ရွှေဈေးကတော့ တစ်အောင်စကို ဒေါ်လာ ၁၈၀၀ အထက်မှာပဲ ရှိနေရာကနေ့ ဒီနေ့မှာ တစ်အောင်စကို ၁၇၉၄ ဒေါ်လာကို ပြန်လည်ကျဆင်းသွားပါတယ်။
ပြည်တွင်းမှာ ရွှေစျေးနှုန်းတည်ငြိမ်ဖို့နဲ့ ရွှေကုန်ကြမ်း ပြတ်လပ်မှုမရှိစေဖို့အတွက် ကမ္ဘာရွှေစျေး ၁၈၀၀ အောက် ကျဆင်းတာနဲ့ ပြည်တွင်းကို ရွှေတင်သွင်းဖို့ လုပ်ဆောင်သွားမယ်လို့ ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ က ပြီးခဲ့တဲ့ဇွန်လဆန်းပိုင်းက ပြောကြားထားပါတယ်။
ပြည်ပကနေ ရွှေကုန်ကြမ်းတင်သွင်းပါက ဒေါ်လာလိုအပ်ချက် ပိုများလာနိုင်ပြီး ပြည်တွင်း ဒေါ်လာငွေလဲနှုန်းအပေါ်လည်း ထပ်မံ သက်ရောက်လာနိုင်တယ်လို့ ရွှေစျေးကွက် စောင့်ကြည့်သူတွေက မှတ်ချက် ပြုထားကြပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာ မသိမ်းခင်က ရွှေတစ်ကျပ်သားကို ကျပ် ၁၃ သိန်းဝန်းကျင်မှာပဲရှိခဲ့ပြီး အာဏာသိမ်းပြီး ၁၇ လကျော်အကြာမှာတော့ ကျပ်သိန်း ၂၀၇၀,၀၀၀ ဝန်းကျင်ထိ စံချိန်တင် မြင့်တက်နေတာပါ။
စစ်ကောင်စီကတော့ ရွှေစျေးကွက်ကို ထိန်းချုပ်နိုင်ဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းနေတာဖြစ်ပေမဲ့ ပြည်တွင်းရွှေစျေးကတော့ ကျဆင်းသွားခြင်း မရှိဘဲ ဆက်လက်မြင့်တက်နေတာပါ။
ဒါ့အပြင်ဒေါ်လာငွေလဲနှုန်း ၁ ဒေါ်လာကို မြန်မာငွေ ၁၈၅၀ ကျပ်နဲ့ ပြည်တွင်းရွှေဈေးကို တွက်ချက် အရောင်းအဝယ်ပြုလုပ်ဖို့ စစ်ကောင်စီကစီမံလာပြီးနောက် ပြည်တွင်းမှာ ရွှေမှောင်ခို စျေးကွက် ဖြစ်ပေါ်လာပြီး တရားဝင်အရောင်းအဝယ်တွေ လျော့ကျလာပါတယ်။