ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ တရုတ်ပြည်နယ်စပ် လွယ်ဂျယ်မြို့ကိုသွားတဲ့လမ်းပိုင်းမှာ ဇွန်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းတာတွေကြောင့် လမ်းတွေနိမ့်ကျပျက်စီးခဲ့ပြီး တံတားတချို့ ကျိုးကျသွားခဲ့ကာ မော်တော်ယာဉ်တွေ သွားလာဖို့ ခက်ခဲတဲ့အတွက် အသွားအလာ ပြတ်တောက်ခဲ့တယ်လို့ လွယ်ဂျယ် ဗန်းမော် ကားမောင်းသူတွေက ပြောပါတယ်။
ဇွန် ၂၉ ရက် နေ့လယ်ပိုင်းက ကားလမ်းမိုင်တိုင်အမှတ် ၄၄ နားမှာ လမ်းပိုင်းမြေကြီးကျွံ နိမ့်ကျသွားခဲ့တာ လမ်းအရှည် ပေ ၁၂၀ လောက်ထိ ရှိခဲ့တယ်လို့ ကားကြီးယာဉ်မောင်းတဦးက ပြောပါတယ်။
“မိုးတွေရွာနေတာ ၄ ရက်ဆက်တိုက်ရှိနေပြီ။ လမ်းက ပျက်စီးနေတာ ကြာပါပြီ။ အခုကတော့ သွားလို့မရအောင်ကို ဖြစ်သွားခဲ့တာ။”
အလားတူ မိုင်တိုင်အမှတ် ၂၈၊ ၂၉ ကြား တောင်ကျချောင်းပေါ်မှာ တည်ဆောက်ထားတဲ့ ပေ ၃၀ အရှည်ရှိ ဘေလီသံဘောင်သစ်သား ကြမ်းခင်းတံတားမှာလည်း တောင်ကျချောင်းရေ တိုက်စားခဲ့ပြီး ပြိုကျပျက်စီးသွားတာကြောင့် မော်တော်ယာဉ်တွေ သွားမရတော့ဘူးလို့ သိရပါတယ်။
အမည်မဖော်လိုသူ ကားသမားတဦးက “တာဝန်ရှိတဲ့ ဒေသအာဏာပိုင်တချို့ကိုတော့ တင်ပြထားတယ်။ အခုချိန်ထိတော့ အကြောင်းမထူးသေးဘူး” လို့ ပြောပါတယ်။
တရုတ်ပြည်ကို ကုန်သွယ်ကူးသန်းရာ အဓိကလမ်းမကြီးဖြစ်တဲ့ ဗန်းမော်-လွယ်ဂျယ် မိုင် ၅၀ ကျော်ခန့်ရှိ လမ်းပိုင်းကို အန်အယ်လ်ဒီ အစိုးရလက်ထက် ၂၀၁၉ ခုနှစ်က တရုတ်ကုမ္ပဏီ ဟုန်ရှင်းကျန်းဖက တာဝန်ယူဆောက်လုပ်ဖို့ လက်မှတ်ထိုးထားပေမဲ့ ကိုဗစ်ကာလမှာ တရုတ်လုပ်သားနဲ့ အလုပ်ရှင်တွေ တရုတ်နိုင်ငံ ပြန်သွားတဲ့အတွက် ရပ်ဆိုင်းခဲ့ရသလို အခုလည်း စစ်တပ်က အာဏာသိမ်းခဲ့တာကြောင့် ရပ်ဆိုင်းထားရတယ်လို့ သိရပါတယ်။