စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မိုးတာရွာကို စစ်ကောင်စီတပ်တွေက ဇွန် ၂၉ ရက်မှာ ဝင်ရောက်လာပြီး ရွာသား ၃၀ ဝန်းကျင်ကို ဖမ်းဆီးစစ်ဆေးမေးမြန်းနေတယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
မနေ့မနက်ပိုင်းက မင်းလယ်ရွာကနေ သံခွန်မော်တော်ကို ချောဆွဲပြီး ဆန်တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို မိုးတားကျေးရွာ အရောက်မှာ KIA နဲ့ ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စောင့်ကြိုက်တိုက်ခံရပြီးနောက်မှာ စစ်ကောင်စီတပ်က မိုးတာရွာကို ကမ်းကပ်ကာ ရွာထဲဝင်လာပြီး ရွာသားတွေကို ဖမ်းဆီးစစ်ဆေးနေတာ ဖြစ်ပါတယ်။
ဖမ်းဆီခံရသူတွေဟာ ဇွန် ၂၉ ရက် ညပိုင်းအထိ လွတ်မြောက်ခြင်းမရှိသေးဘူးလို့ ကသာ ပကဖ တာဝန်ခံက ပြောပါတယ်။
“သူတို့(စကစ) စီးလာတဲ့ သင်္ဘော အပစ်ခံရတော့ ပြန်လှည့်ပြီးဆင်းသွားတယ်၊ ပြီးတော့ ရွာအောက်ဘက်ကို ကပ်ပြီးတော့ ရွာထဲကိုပြန်ဝင်လာတယ်၊ ရွာထဲဝင်လာတော့တွေ့တဲ့သူတွေကို ဖမ်းဆီးစစ်ဆေးနေတယ်လို့သိရတယ်။ ပြည်သူ ၃၀ ဝန်းကျင်လောက်ဖြစ်မယ်။ အခုထိ သတင်းရရှိတာက ပြန်မလွတ်သေးဘူး။”
စစ်ကောင်စီသင်္ဘော စောင့်ကြိုတိုက်ခိုက်ခံရတာကြောင့် ထိခိုက်မှုရှိနိုင်ပေမဲ့ KIA ပူးပေါင်းတပ်ဖွဲ့တွေတော့ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မိုးတားရွာဟာ စစ်ကောင်စီတပ်သားတွေ မကြာခဏ ဝင်ရောက်လေ့ရှိတာကြောင့် ကျေးရွာက ပြည်သူအများစုဟာ အရင်ကတည်းက တိမ်းရှောင်နေပေမဲ့ အခုဖမ်းခံရတဲ့သူတွေဟာ မတိမ်းရှောင်ဘဲ ရွာထဲနေထိုင်နေတဲ့ သူတွေဖြစ်တယ်လို့လည်းသိရပါတယ်။ မိုးတားရွာဟာ အိမ်ထောင်စု ၁၅၀၀ ဝန်းကျင်နေထိုင်တဲ့ရွာ ဖြစ်ပါတယ်။
ဇွန် ၂၈ ရက်ကလည်း ကသာမြို့နယ် မင်းလယ်ရွာအနီးမှာ စစ်ကောင်စီတပ်သားတွေနဲ့ KIA၊ ပကဖ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။
ကသာမြို့နယ်ထဲမှာ စစ်ကောင်စီက စစ်ကြောင်းတွေခွဲပြီး သွားလာလှုပ်ရှားနေတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြား စစ်ရေးတင်းမာနေပြီး နေစဥ်နေတိုင်း ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။