ရှမ်းပြည်နယ်တောင်ပိုင်း ၊ ပင်းတယမြို့နယ် အနောက်ရပ်ကွက် ရှိ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ NLD အမျိုးသားလွှတ်တော်အမတ် ဒေါ်မမလေးရဲ့ နေအိမ်ကို စစ်ကောင်စီတပ်က ဇွန် ၂၅ ညနေပိုင်းမှာ လာရောက် ချိပ်ပိတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသက် ၅၉ နှစ်အရွယ် ဒေါ်မမလေးဟာ ၂၀၁၅ - ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲမှာ အမျိုးသားလွှတ်တော်၊ ရှမ်းပြည်နယ်အမှတ်(၈) မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂ ကြိမ်ဆက် အနိုင်ရရှိထားသူဖြစ်သလို သားဖြစ်သူ ကိုနေမျိုးထက် မှာ သမဝါယမ CDM ဝန်ထမ်းဖြစ်တယ်လို့ သိရပါတယ်။
ဒေါ်မမလေး နဲ့ သားဖြစ်သူ ကိုနေမျိုးထက်တို့ကို ပြီးခဲ့တဲ့ မေလ ၁၄ ရက် နေ့မှာ စစ်တပ်က လာရောက်ဖမ်းဆီးသွားပြီး အိမ်စီးကား ၂ စီးကိုလည်း သိမ်းယူသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
သားအမိနှစ်ဦးလုံး ဒီနေ့အချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးသလို ဘယ်အမှုနဲ့ တရားစွဲဆိုထားတယ်ဆိုတာလည်း မသိရသေးဘူးလို့ ဆိုပါတယ်။
ပင်းတယမြို့နယ်မှာ ဒေါ်မမလေး အိမ်အပါအဝင် စစ်ကောင်စီက ချိပ်ပိတ်ခဲ့တဲ့ နေအိမ် ၄ အိမ် အထိ ရှိလာပြီလို့ သိရပါတယ်။