Home
မြန်မာသတင်း
ဒစ်ဂျစ်တယ်မြန်မာကျပ် (DMMK)နှင့် NUGPay စတင်
DVB
·
June 27, 2022

အကြမ်းဖက်စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ ငွေကြေးစီးဆင်းမှုစနစ်အပေါ် မှီခိုနေရတာကို အဆုံးသတ်ဖို့ ဒစ်ဂျစ်တယ်မြန်မာကျပ် (DMMK)  နဲ့  NUGPay မိုဘိုင်းပိုက်ဆံအိတ်ကို စတင်ထုတ်ဝေလိုက်ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရက ဇွန်လ ၂၆ ရက်နေ့က ကြေညာလိုက်ပါတယ်။

အဆိုပါကြေညာချက်မှာ ဖော်ပြချက်အရ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ် ချေမှုန်းနိုင်ဖို့အတွက် သီးခြားလွတ်လပ်ပြီး လုံခြုံစိတ်ချရတဲ့ ငွေကြေးလည်ပတ်မှု ယန္တရားစနစ်ကို ထူထောင်ထားတာ ဖြစ်တယ်လို့ NUG အစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆိုပါတယ်။ 

မြန်မာကျပ်ငွေနဲ့ တူညီစွာ တန်ဖိုးရှိတဲ့ ဒစ်ဂျစ်တယ် မြန်မာကျပ် (DMMK) ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ တရားဝင်ဒစ်ဂျစ်တယ်ငွေကြေးအဖြစ် သတ်မှတ်ထားရှိတဲ့အပြင် ဒီငွေကြေးစနစ်ကို အသုံးပြုနိုင်ဖို့ တွဲဖက်အသုံး ပြုရမယ့် NUGPay မိုဘိုင်းပိုက်ဆံအိတ်ကိုလည်း တခါတည်း ထုတ်ဝေထားပါတယ်။

ဒါကြောင့် NUG အစိုးရကထုတ်ဝေတဲ့ မိုဘိုင်းပိုက်ဆံအိတ်ကို အသုံးပြုနိုင်ဖို့အတွက် Android စနစ်သုံး မိုဘိုင်းဖုန်းတွေက  Play Store ကတဆင့် NUGPay Application ကို download လုပ်ပြီးတဲ့နောက် NUGPay account ဖွင့်ဖို့ create new account ကိုရွေးချယ်ရပါမယ်။ IOS စနစ်သုံး မိုဘိုင်းဖုန်းများအတွက်တော့ မကြာမီကာလအတွင်းမှာ Apple Appliaction Store မှတဆင့် download ပြုလုပ်နိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ရွေးချယ်ပြီးတဲ့နောက်မှာ NUGPay  အသုံးပြုနိုင်ဖို့ အေးဂျင့်တွေကိုဆက်သွယ်ပြီး activate လုပ်ရပါမယ်။ ဒီ့အတွက် AC နဲ့ စတဲ့ အက္ခရာပေါင်း ၂၂ လုံးနဲ့ activate လုပ်ရမှာဖြစ်ပြီး activation code အတွက် ကျပ် တသောင်း ပေးသွင်းရမှာဖြစ်ပါတယ်။ ဒါပေမဲ့ activation အတွက် ကျသင့်ငွေက သုံးထောင်ကျပ်ဖြစ်တာကြောင့် account ထဲမှာ ခုနှစ်ထောင် ကျပ်ကျန်ရှိနေမှာပါ။

ဒီလုပ်ငန်းစဉ်အတွက် NUGPay ကနေ  သုံးစွဲသူကို  ကျပန်းအားဖြင့် login key ဖြည့်သွင်းဖို့ အင်္ဂလိပ်စာလုံး ၁၂ လုံး ပေးပါမယ်။ ၎င်း အင်္ဂလိပ်စာလုံး ၁၂ လုံးအား မပျောက်ပျက်အောင် မှတ်သားပြီး ထိန်းသိမ်းထားဖို့တော့ လိုပါတယ်။ တကယ်လို့ ကိုယ်ရေးမှတ်ထားတဲ့ စာလုံးတွေကို မြင်လိုပါက Uncover ကို နှိပ်လိုက်ရင် login key စာလုံး ၁၂ လုံးအား ပြန်လည် မြင်ရပါမယ်။ ဒါကြောင့် screenshot ရိုက်၍သော်လည်းကောင်း copy paste လုပ်၍သော်လည်းကောင်း လုံခြုံ စိတ်ချတဲ့ နေရာမှာ မှတ်သားပြီး သိမ်းထားရပါမယ်။ အကြောင်းရင်းက အတည်ပြုနိုင်ဖို့အတွက်  ဒီ login key ၁၂ လုံးကို အစဉ်အတိုင်း ပြန်လည်ရွေးချယ်ပြီး ရေးသွင်းပေးရလို့ပါ။

ဒုတိယအဆင့်မှာတော့ လျှို့ဝှက် pin နံပါတ် ၆ လုံးအတွက် မိမိနှစ်သက်ရာ ဂဏန်းတွေကို ဖြည့်သွင်းပြီး ယင်းနံပါတ်တွေကို နောက်တကြိမ်ထပ်မံ အတည်ပြုပေးဖို့ လိုပါတယ်။ ဒါကတော့ အဆိုပါ pin နံပါတ်တွေဟာ ငွေလွှဲမှုပြုလုပ်တိုင်း (သို့မဟုတ်) account login ပြန်ဝင်တဲ့အခါ လိုအပ်တဲ့ လျှို့ဝှက်နံပါတ်တွေ ဖြစ်နေလို့ပါ။

ဒီအဆင့်တွေ ဖြတ်ကျော်ပြီးသွားပါက NUGPay wallet to wallet ငွေလွှဲဝန်ဆောင်မှုများကို စတင်သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ activation ဟာ ၁ နှစ်တာ ကာလအတွက်သာ အကျုံးဝင်တာကြောင့် သက်တမ်း ၁ နှစ် ပြည့်တဲ့အခါ ထပ်မံ activate လုပ်ပေးဖို့ လိုပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရက သုံးစွဲသူပြည်သူတွေရဲ့ လုံခြုံရေးအတွက် ထည့်သွင်းစဉ်းစားပေးထားတာ ရှိပါတယ်။ ဒါကတော့ လုံခြုံရေးအတွက် စိုးရိမ်စရာရှိပါက Application ရဲ့ အောက်ခြေမှာရှိတဲ့ more ကို နှိပ်ပါ။ ပြီးရင် logout ကို နှိပ်ပါ။ ဖုန်းထဲမှာရှိတဲ့ NUGPay အက်ပလီကေးရှင်းကို ဖျက်လိုက်ပါ။ ဒီ့အတွက် Application ထဲမှာ ရှိတဲ့ ငွေကြေးတွေအတွက် စိတ်ပူစရာ မလိုပါဘူးလို့ အာမခံထားပါတယ်။ 

ဒီ့နောက် လုံခြုံစိတ်ချရတဲ့နေရာပြန်ရောက်ပါက NUGPay Appliaction ကို download ပြန်လုပ်ပါ။ ပြီးရင် I’ve login key ကို နှိပ်ပါ။ pin နံပါတ် key ၁၂ လုံးကို ရိုက်ထည့်ပါ။ ဒါဆိုရင် NUGPay ကို ပြန်လည် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

NUGPay ဝန်ဆောင်မှုကို ပြည်တွင်း မြန်မာနိုင်ငံမှာသာမက ပြည်ပရောက်မြန်မာတွေ အများစုရှိတဲ့ ထိုင်း၊ စင်္ကာပူ၊ တောင်ကိုရီးယား၊ သြစတြေးလျ၊ UK ၊ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံတွေမှာ စတင်အသုံးပြုနိုင်မှာဖြစ်ပြီး ဆက်လက်တိုးချဲ့သွားဖို့လည်း ရှိတယ်လို့ NUG က ဆိုပါတယ်။

NUG အစိုးရ၏ စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်တဲ့ ဒစ်ဂျစ်တယ် မြန်မာကျပ် DMMK ဟာ တရားဝင် ငွေကြေး တခုဖြင့် ကျောထောက်နောက်ခံပြုထားပြီး blockchain နည်းပညာသုံး ဒစ်ဂျစ်တယ် ငွေကြေးတခုပါ။

ဒါကြောင့် DMMK ငွေကြေးဟာ NUG အစိုးရမှ အသိအမှတ်ပြုထားတဲ့ တရားဝင်ငွေကြေး ဖြစ်လို့ ပြည်သူတွေ မြန်မာကျပ်ငွေ သို့မဟုတ် DMMK ကိုအသုံးပြုနိုင်ပါတယ်။ ဒီ့အပြင် DMMK အနေနဲ့ ဈေးကွက်အတွင်းမှာ ဗဟိုဘဏ် ဒစ်ဂျစ်တယ်ငွေကြေး CBDC ကဲ့သို့ တည်ရှိနေမှာ ဖြစ်တယ်လို့ NUG အစိုးရက ရှင်းလင်းထားပါတယ်။

DMMK ငွေကြေးစနစ်ဟာ လွတ်လပ်စွာ တည်ရှိမှု၊ အလွယ်တကူ ရရှိနိုင်မှု၊ တီထွင် ဆန်းသစ်မှုနှင့်လုံခြုံမှု စတဲ့ အခြေခံမှုတွေနဲ့ ဖန်တီးထားတဲ့အပြင် လက်ရှိ ကြုံတွေ့နေရတဲ့ ပြည်သူတွေရဲ့ ဘဏ္ဍာရေး အကျပ်အတည်း အပါအဝင် ကိုယ်ရေးအချက်အလက် လုံခြုံရေး၊ နည်းပညာ အသုံးစရိတ်နဲ့ စီးပွားရေး အခြေအနေတွေအပေါ် အကျိုးပြုဖို့ လေ့လာဆန်းစစ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် DMMK ၏ ငွေကြေးယူနစ်မှာ ကျပ် ဖြင့်သတ်မှတ်ထားတာကြောင့် DMMK ၁ ကျပ်ဟာ မြန်မာငွေ ၁ ကျပ်နဲ့ တူညီစွာ တန်ဖိုးရှိမှာဖြစ်ပြီး အားသာချက်ကလည်း အခြားဒစ်ဂျစ်တယ်ငွေကြေးတွေဖြစ်တဲ့ Cryptocurrency ကဲ့သို့ ဈေးနှုန်း အတက်အကျ မရှိတဲ့အပြင် ပြည်တွင်း၊ ပြည်ပ အသုံးပြုနိုင်မှာပါ။

ပြည်သူတွေဟာ DMMK ငွေကြေးကို NUGPay မိုဘိုင်း ပိုက်ဆံအိတ်အနေဖြင့် အသုံးပြုနိုင်မှာဖြစ်တဲ့အပြင် လက်လီ အနေဖြင့် ရောင်းဝယ်ဖောက်ကားကြရာမှာ ငွေကြေး လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက်လည်း စီစဉ်ထားပါတယ်။

ဒါကြောင့် DMMK ငွေကြေးစနစ်ကို ထုတ်ဝေထားခြင်းက မြန်မာပြည်သူတွေရဲ့ နေ့စဉ်ငွေကြေးဆိုင်ရာ လိုအပ်ချက်တွေ၊ လက်လီငွေပေးချေမှု၊ လုံခြုံသော ငွေပေးချေမှု နဲ့ ခေတ်မီတဲ့ ဘဏ္ဍာရေး ငွေပေးချေမှုတွေကို အကုန်အကျ သက်သာစွာဖြင့် ရရှိစေမှာ ဖြစ်တယ်လို့ NUG အစိုးရက ဆိုပါတယ်။

NUG အစိုးရက ဒီဂျစ်တယ်ငွေကြေး အကောင်အထည်ဖော်မယ်လို့ တရားဝင်ကြေညာပြီးတဲ့နောက် စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က တရားဝင်ခွင့်ပြုမထားတဲ့ Mobile Pay ၊ Mobile Wallet နဲ့ အွန်လိုင်း ငွေပေးချေမှုတွေကို တွေ့ရှိပါက ငွေရေး ကြေးရေးအဖွဲ့အစည်းဥပဒေအရ အရေးယူမယ်လို့ ပြောဆိုလာပါတယ်။

တရားဝင်ခွင့်ပြုထားခြင်းမရှိတဲ့ Mobile Pay ၊ Mobile Wallet နဲ့ ငွေပေးချေမှု ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေဟာ ဗဟိုဘဏ်ရဲ့ ကြီးကြပ်ကွပ်ကဲမှုအောက် ရှိမနေတဲ့အတွက် ပြည်သူတွေ ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်နိုင်ကြောင်းနဲ့ ခွင့်ပြုချက် မရရှိထားဘဲ ဆောင်ရွက်နေတာကို တွေ့ရှိပါက ငွေရေးကြေးရေးအဖွဲ့အစည်း ဥပဒေပုဒ်မ ၁၇၂ အရ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်ခံရမယ်လို့ ဗဟိုဘဏ်က ခြိမ်းခြောက်ထားပါတယ်။

နည်းပညာကျွမ်းကျင်သူတဦးက “မိုဘိုင်းငွေကြေးတွေကို ထုတ်ဝေဖို့ဆိုရင် ဒေတာစင်တာတွေမှာ ဆာဗာတွေထားပြီးတော့ ကိုယ့်ဆော့ဝဲလ်နဲ့ ကိုယ် လည်ပတ်ကြတာပေါ့။ ဆိုတော့ အဲ့ဒီ့ ဆာဗာက သေချာပေါက် တခြားသော တိုင်းပြည်မှာ ရှိနေမှာ ဘဲ။ ဒါက တပိုင်းပေါ့။ အဓိကကတော့ သူက သူရဲ့ အေဂျင့်နဲ့ သူ့ အက်ပလီကေးရှင်းနဲ့ ချိတ်ဆက်ပြီး အလုပ်လုပ်ကြတဲ့ ပုံစံကပဲ  အရေးပါတာပါ။ ဥပမာ ထင်ရှားအောင် ပြောရရင် ဒီမှာသုံးနေတဲ့ Mobile Wallet တွေဟာ ဘဏ်တခုနဲ့ သဘောတူညီပြီး လုပ်ထားကြတာ။ ဆိုတော့ NUGPay ကလည်း သူတို့ရဲ့နောက်ကွယ်မှာ အဲ့ဒီ့လို ပုံစံမျိုးနဲ့ လုပ်ထားတာပေါ့။ အဲ့ဒီလိုအခြေအနေရှိမှာဘဲ လုပ်လို့ ရမှာလေ။ ဒီ NUGPay Mobile Wallet က တခြားနိုင်ငံတွေမှာတော့ ငွေပေးငွေယူနဲ့ပတ်သတ်လို့ လုပ်ဆောင်ရတာ လွယ်ကူနိုင်ပါတယ်။ ပြည်တွင်းမှာတော့ လတ်တလောမှာ တိုက်ရိုက်သုံးလို့ မရသေးရင်လည်း သွယ်ဝိုက်သောနည်းနဲ့ သုံးလို့ ရနိုင်ပါတယ်” လို့ ဒီဗွီဘီ ကို ပြောပါတယ်။

မြန်မာပြည်မှာ လက်ရှိ အသုံးပြုနေတဲ့ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းတွေက Wave Money ၊ M-Pitesan ၊ OK$ ၊ MytelPay နဲ့ MPT Pay တို့ကို စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ခွင့်ပြုပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024