Home
ဆောင်းပါး
ကြယ်ဝလုံးတွေ ရေးကြမယ်
DVB
·
June 27, 2022

ကျောင်းတွေဖွင့်ပြီဆိုတော့ ဆူညံသံတွေ ပွက်လောရိုက်လာတယ်။ အကြမ်းဖက် စစ်အုပ်စုအောက်မှာ ကျောင်းမထားချင်တဲ့ မိဘနဲ့ ကျောင်းထားချင်တဲ့ မိဘဆိုပြီး နှစ်ဖက် အခြေအနေတွေ ပေါ်လာခဲ့တယ်။ အကြမ်းဖက်စစ်အုပ်စုရဲ့ အုပ်ချုပ်မှုအောက်မှာ ကျောင်းမထားချင်တဲ့ မိဘတွေရဲ့စိတ်ကို နားလည်ခံစားမိတယ်။ ထိုနည်းတူ ကျောင်းထားချင်တဲ့ မိဘရဲ့သားသမီးကို ပညာတတ်ဖြစ်စေချင်တဲ့ စိတ်ကိုလည်း စာနာမိတယ်။

တချိန်တည်းမှာပဲ ပညာရေးအားပြိုင်မှုက မြင့်လာတယ်။ NUG လို အမျိုးသားညွန့်ပေါင်းအစိုးရကလည်း လွတ်မြောက်နယ်မြေနဲ့ အွန်လိုင်းတို့မှာ ကျောင်းတွေ ဖွင့်လာတယ်။ EROs နယ်မြေတွေမှာလည်း ကျောင်းတွေဖွင့်လာတယ်။ အကြမ်းဖက် စစ်အုပ်စုကလည်း သူတို့လွှမ်းမိုးခွင့်ရတဲ့ ဒေသအချို့မှာ လက်နက်ကိုင် အစောင့်အရှောက်တွေ ခြံရံပြီး ကျောင်းတွေ ဖွင့်လာတယ်။ အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ ဆရာ၊ ဆရာမတွေလည်း စစ်သား အမိန့်နာခံပြီး ကျောင်းတွေဖွင့်ကြပေါ့။

လူမှုကွန်ရက်စာမျက်နှာတွေမှာတော့ ဆရာ၊ ဆရာမအချို့ရဲ့ စိုးရွံ့ဟန်နဲ့ ကျောင်းတက်နေတာလည်း တွေ့ရတယ်။ သာမန်စစ်သားလေးကို လက်အုပ်ချီနေတဲ့ ကျောင်းအုပ်ကြီးရဲ့ဓာတ်ပုံလည်း လူမှုကွန်ရက်မှာ ပြန့်နေသလို ဆရာ၊ ဆရာမတွေကလည်း နယ်မြေအုပ်ချုပ်တဲ့ ဗိုလ်ကြီးရဲ့ ခိုင်းစေချက်နဲ့အပြိုင် မြက်နုတ်နေပုံတွေလည်း တွေ့နေရတယ်။ ထမင်းတလုတ်အတွက် ဆရာ၊ ဆရာမ ဆိုတဲ့ ဂုဏ်သိက္ခာနဲ့ အလဲအလှယ်လုပ် ဒူးတုပ်ခစားနေတာတွေ့တော့ ရင်နဲ့အမျှပါပဲ။

ကလေးငယ်တွေရဲ့စိတ်ထဲမှာ ဆရာ၊ ဆရာမဆိုတာ ‘မြင်သမျှတွေ့သမျှ ယူနီဖောင်းပါရင် ဂါရဝပြု ဦးခိုက်ရတာပါလား’ ဆိုတဲ့ စိတ်ဖြစ်မှာကို စိုးရိမ်မိသွားတယ်။ တဆက်တည်း ပညာရေးအပေါ် အထင်မြင်သေးစိတ်ဖြစ်လာမှာကိုပါ စိုးရိမ်လာပြန်တယ်။ မြင်ရတာတွေဟာ ရင်ထဲ မကောင်းပေမယ့် ‘စားဝတ်နေရေးအတွက်ပဲလေ’ ဆိုတဲ့စိတ်နဲ့ မပြောသာခဲ့ပါဘူး။ စစ်အတွင်းပညာရေးဟာ ဒီလိုပဲ ရှိသလားဆိုတာကိုတော့ မပြောတတ်နိုင်တော့။ မှန်ကန်တဲ့အသိနဲ့ ပညာရရှိဖို့ ပတ်ဝန်းကျင်သာမက ခေတ်အမြင်ကလည်း အရေးကြီးတဲ့အထဲမှာ ထိပ်ဆုံးက ပါနေတယ်။ ကမ္ဘာကြည့် ကြည့်တတ်ဖို့တော့ လိုတာပ။

ဘာပဲဖြစ်ဖြစ် ပညာရေးဆိုတာ လွတ်လပ်မှုအခြေခံနဲ့ သွားကြရတာ မဟုတ်ပါလား။ ကျောင်းတက်ခါစ ကလေးငယ်အတွက်တော့  လွတ်လပ်သာယာဖွယ် ပတ်ဝန်းကျင်ဖြစ်ဖို့လိုတယ်။ ကြည်နူးဆွတ်ပျံ့ဖွယ်ရာ ပန်းဥယျာဉ်အတွင်းမှာ ပျော်ရွှင်စွာဆော့ကစားရင်း ကျယ်ပြောလှတဲ့ ပညာရေးဝန်းကျင်နဲ့ ထိတွေ့ပေးကြရမှာပါ။ သဘာဝကို ချစ်မြတ်နိုးစိတ်၊ အနုပညာရဲ့ သိမ်မွေ့ခံစားစိတ်တွေ ပေါ်လာအောင် ကဗျာ၊ သီချင်း၊ ပန်းချီ စတာတွေနဲ့ ထိတွေ့ပေးကြရမှာ။ ဘက်စုံထူးချွန်မှုဆိုတာ အနုပညာဖန်တီးစိတ်မှာ သန္ဓေတည်တာပဲ မဟုတ်လား။

ကလေးငယ်တယောက် ကျင်လည်လှုပ်ရှားရာ ဝန်းကျင်ဟာ ကျယ်ပြန့်လွတ်လပ်တဲ့ ပတ်ဝန်းကျင် ဖြစ်ရမှာ။ လက်နက်ကိုင် အစောင့်အကြပ် ထူပြောပြီး မလွတ်မလပ် မွန်းကြပ်ပိတ်လှောင်နေတဲ့ ရေသေအိုင်တခု မဖြစ်ရဘူး။ တသွင်သွင်စီးဆင်းနေတဲ့ စမ်းချောင်ကလေးဖြစ်ရမှာ။ ကလေးငယ်တယောက်ရဲ့ဘဝဟာ အကန့်အသတ်ရှိပေမယ့်  စိတ်ကူးကွန့်မြူးရာနယ်ဟာလည်း မိုးကုပ်စက်ဝိုင်းတမျှ ကျယ်ပြန့်ဖို့လိုတာပေါ့။ စိတ်ကူးတောင်စုံကို လေဟုန်စီးပြီး စကြဝဠာအနှံ့ ခရီးဆန့်နိုင်ဖို့တော့ လိုတာပေါ့။

ငယ်ငယ်က ဆိုခဲ့ရတဲ့ ဆရာတင်မိုးရဲ့ ‘အမေ့ကျောင်း’ ကဗျာထဲကလို “ကောင်းကင်ကြီးဟာ ကျောက်သင်ပုန်းပေါ့၊ ကြယ်ဝလုံးတွေ ရေးကြမယ်” ဆိုသလိုပါပဲ။ ကလေးငယ်ရဲ့ ကွန့်မြူးရာနယ်ဟာ အကန့်အသတ်မဲ့ မိုးကောင်းကင်ဖြစ်ပြီး ကြယ်ဝလုံး ရေးနိုင်လောက်အောင် လုပ်ပေးကြရမှာက ဆရာ၊ ဆရာမတွေရဲ့ တာဝန်တခုပေပဲပေါ့။ ကျဉ်းမြောင်းတဲ့စာသင်ခန်းထဲမှာ လက်နက်ကိုင် အစောင့်အကြပ်တွေနဲ့ ကလေးငယ်စိတ်ထဲ ‘ဘယ်လောက်များ မွန်းကြပ်ရှာလေမလဲ’ လို့ စဉ်းစားမိတိုင်း ကျောင်းသားမိဘတော့မသိ ကျနော်ရင်မှာတော့ သောကဖြစ်ရတယ်။

စစ်ဘေးရှောင်နယ်မြေအတွင်းက ကလေးငယ်တွေကြည့်ပြန်တော့ လွတ်လပ်မြောက်နယ်မြေ ဆိုတဲ့အတိုင်း လွတ်လပ်မှုတော့ရှိပေမယ့် မိသားစုရဲ့ ’ကသီလင်တ’ ဘဝတွေရဲ့အသိက နုနယ်တဲ့ နှလုံးသားမှာ ဒဏ်ရာရနေပြီးဖြစ်နေမှာပါ။ အဲဒီဒဏ်ရာတွေကို ဖြေလျှော့ဖို့ ပညာပေးကုစားရာမှာ ဆရာ၊ ဆရာမတွေရဲ့ အခန်းကဏ္ဍကလည်း အလွန်အရေးပါနေပါတယ်။

ဒါပေမဲ့ လွတ်မြောက်နယ်မြေက သင်ကြားပေးမယ့် ဆရာတွေရဲ့ ပညာရေးအသိက မြင့်နေတာကြောင့် ကလေးငယ်ရဲ့ ပညာရေးမှာ ပတ်ဝန်းကျင်နဲ့ညှိယူနေထိုင်တတ်တဲ့ အလေ့ကိုပါ ရရှိစေမှာဖြစ်တယ်လို့ ယူဆနိုင်တယ်။ ပညာရေးအဓိပတိဖြစ်သူ ဒေါက်တာသိန်းလွင် ကိုယ်တိုင်ကလည်း ဖက်ဒရယ်ပညာရေးလှုပ်ရှားမှု ဆယ်စုနှစ်တခုမက ဦးဆောင်ခဲ့တာကြောင့် ကျယ်ပြန့်တဲ့ ပညာရေးအမြင် ရှိနေတာကတော့ အားသာချက်တခုပါပဲ။

ပညာလိုသူရဲ့လက်တကမ်းမှာ ပညာရေးရှိနေရမယ်။ ကျနော်တို့ ငယ်စဉ်ကာလရဲ့ ပညာရေးနဲ့တော့ ကွာတယ်။ ကျနော်တို့တုန်းက အစိုးရကျောင်းတွေကလွဲပြီး ကိုယ်ပိုင်ကျောင်းတို့၊ နိုင်ငံတကာကျောင်းတို့ ဆိုတာ မရှိခဲ့ဘူး။ နိုင်ငံတကာကျောင်းတွေနဲ့ ထိတွေ့ခွင့်မရခဲ့ဘူး။ ကျုရှင်ဆိုတာလည်း ခိုးကြောင်ခိုးဝှက် သင်ကြရတယ်။ ပညာလိုသူတွေရဲ့ လက်တကမ်းမှာ ပညာရေးမရှိခဲ့ပါဘူး။ ပညာရေးဟာ ပညာလိုသူတွေနဲ့ အလှမ်းကွာခဲ့ပါတယ်။

အခုအနေအထားကတော့ ကိုယ့်ကလေးကို ကျောင်းမပို့ချင်လည်း အိမ်မှာ စာသင်လို့ရတယ်။ ပြဋ္ဌာန်းစာတွေကို အိမ်မှာ လေ့ကျင့်ပေးလို့ရတယ်။ ဒါမှမဟုတ် နီးစပ်ရာအပြင်ကျောင်းမှာ အပ်ထားလို့ရတယ်။ ပုဂ္ဂလိကကျောင်းတွေမှာ ထားလို့လည်း ရသေးတယ်။ စေတနာကျောင်းတွေ၊ ပရဟိတကျောင်းတွေမှာလည်း သင်ယူလို့ရသေးတယ်။ ဒါမှမဟုတ် အွန်လိုင်းကနေ စာသင်လို့လည်း ရတယ်။ နိုင်ငံတကာကျောင်းတွေမှာလည်း သင်ယူလို့ရသေးတယ်။ လူပြောများတဲ့ GED တို့ SAT တို့ GCE တို့ဆိုတာတွေ ဖြေပြီး ငွေကြေးတတ်နိုင်သူတွေအတွက် နိုင်ငံခြားမှာ ကျောင်းတက်လို့လည်း ရသေးတယ်။ ဒါက ဒီနေ့ခေတ်ရဲ့ ပညာရေးအနေအထားကိုပြောတာပါ။

မိဘတွေအနေနဲ့ ကိုယ့်ခေတ်ကာလကလို ထင်ပြီး စိုးရိမ်စရာမလိုဘူး။ ဒီမိုကရေစီပညာရေးမှာ ကိုယ့်ကလေးက လိုအပ်တဲ့ သင်ယူမှုရှိနေဖို့ပဲလိုတာ။ အဲဒီလို ကိုယ့်ဘက်က လိုအပ်ချက်ကို ဖြည့်ဆည်းထားရင် ကလေးအသက်အရွယ်အရ တက်လိုတဲ့အတန်းအတွက် စစ်တဲ့ စာမေးပွဲဝင်ဖြေပြီးအောင်ရင် အဲဒီအတန်းကို ဆက်တက်လို့ရပြီ။ မအောင်ခဲ့ရင်တော့ ကိုယ့်အရည်အချင်း မပြည့်မီသေးတာကြောင့် သူ့ထက်နိမ့်တဲ့ အတန်းတက်ပေါ့။ အဲဒီလို မတက်ချင်သေးဘူးဆိုရင် နောက်တနှစ် ကိုယ် တက်လိုတဲ့ အတန်းအတွက် ဆက်ဖြေလို့လည်း ရသေးတယ်။

ကိုယ်တွေ ခေတ်ကာလကလို တွေးပြီး မစိုးရိမ်စေချင်ဘူး။ ခေတ်အခြေအနေတွေအားလုံး ပြောင်းသွားပြီ။ ပညာရေးဟာ နိုင်ငံတကာစံအတိုင်း ပြောင်းလဲကြရမှာပါ။ အရင်စစ်အာဏာရှင် ခေတ်ကလို ဗိုလ်နေဝင်းတို့၊ ဗိုလ်သန်းရွှေတို့ အလုံးစုံပျက်သုဉ်းရေး မင်းအောင်လှိုင်တို့ ပညာရေးလို အမြင်မတိမ်ကြစေချင်ဘူး။

တကယ်တော့ ဒီနေ့ပညာရေးဟာ ကောင်းကင်ကြီးတခုလို ကျယ်ပြောတယ်။ မိုးကုပ်စက်ဝိုင်းလို အကန့်အသတ်တွေ ကျော်နေတယ်။ ပညာလိုသူရဲ့ လက်တကမ်းမှာ ပညာရေးရှိနေတဲ့ခေတ်လည်း ဖြစ်တယ်။ မိဘတွေကိုယ်တိုင် ကန့်သတ်ခံနေရတဲ့ဘောင်ကို ရဲရဲကျော်ရဲဖို့ပဲ လိုတာပါ။

အစဉ်အလာပညာရေးတုန်းကလို “ဆရာဝန်ဖြစ်ဖို့ ကျနော် ကြိုးစားမည်။ အင်ဂျင်နီယာဖြစ်ဖို့ ကျနော် ကြိုးစားမည်။ ဗမာသားကောင်းဇာနည် စစ်သားကြီးကို ကျနော် မျှော်မှန်းသည်” ဆိုတဲ့ တဘက်ပိတ် ပညာရေးခေတ် မဟုတ်တော့ဘူး ဆိုတာကို မိဘတွေကိုယ်တိုင် သိနားလည် ဖြတ်ကျော်ဖို့တော့ လိုတယ်။ ပညာလိုလားသူရဲ့ ထိတွေ့ရာ အတတ်ပညာတိုင်း တန်ဖိုးကြီးကြီးရှိနေတဲ့ခေတ် ဖြစ်နေပြီ။ ဘီအေ၊ ဘီအက်စီရမှ ဘွဲ့တခုနဲ့ အလုပ်အကိုင်ရှာရတဲ့ တဘက်ပိတ်ခေတ်ဟာ ဘယ်တော့မှ ပြန်ရောက်တော့မှာ မဟုတ်ဘူး။

ဒါကြောင့် မိဘတွေသာမက ကျောင်းသားကျောင်းသူတိုင်း၊ ခေတ်ကို ဖြတ်သန်းခွင့်ရနေတဲ့ လူငယ်တွေအနေနဲ့ ‘ကောင်းကင်ကြီးလို အပြောကျယ်တဲ့ အသိပညာရပ်ဝန်းထဲမှာ ကြိုက်နှစ်သက်ရာ မှော်ဝလုံးတွေကို ရေးသားနိုင်ကြပြီပါစေ။ စာသင်ခန်းကို စွန့်လွှတ် တိုက်ပွဲဝင်နေကြတဲ့ နွေဦးတော်လှန်ရေးရဲဘော်တို့အတွက်လည်း အောင်ပွဲနဲ့အတူ အတိုင်းအဆမဲ့ ကျယ်ဝန်းနေတဲ့ ပညာရေးနယ်မှာ ဆက်လက်သင်ယူနိုင်ကြပါစေလို့ ဆန္ဒပြုရေးသား လိုက်ရပါတယ်။

ဂန္ထဝင်မောင်ထူး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024