Home
မြန်မာသတင်း
ကိုဗစ်-၁၉ ကြောင့် ရပ်ထားသည့် ကိုရီးယားအလုပ်အကိုင်စာ​မေးပွဲ ပြန်ကျင်းပမည်
DVB
·
June 24, 2022

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂ နှစ်လောက် ရပ်ထားတဲ့ တောင်ကိုရီးယား အလုပ်အကိုင် အရည်အချင်းစစ်စာမေးပွဲ (EPS-Topik) ကို ပြန်လည်ပြုလုပ်သွားမယ်လို့ အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီ (POEA- EPS) က ထုတ်ပြန်ထားပါတယ်။

အဲဒီစာမေးပွဲကို ၂၀၂၀ ဧပြီလမှာ ကျင်းပဖို့ စီစဥ်ခဲ့ပေမယ့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အခုအချိန်ထိ ရပ်နားထားရတာဖြစ်ပါတယ်။

EPS-Topik ရဲ့ ၁၄ ကြိမ်မြောက်ကုန်ထုတ်နဲ့ ဆောက်လုပ်ရေးလုပ်ငန်းစာမေးပွဲ ၁၅ ​ကြိမ်မြောက် စိုက်ပျိုးရေးနဲ့ မွေးမြူရေးစာမေးပွဲအတွက် ဖြေဆိုခွင့်လျှောက်လွှာကို အွန်လိုင်းစနစ်နဲ့ လက်ခံသွားမယ်လို့ POEA-EPS က ထုတ်ပြန်ထားတာပါ။

စာမေးပွဲပြန်လုပ်ဖို့ ရှိတယ်လို့ သတင်းတွေထွက်နေပေမယ့် POEA-EPS က ဒီနေ့မှ တရားဝင်အတည်ပြုတာဖြစ်ပါတယ်။

ဒါပေမယ့် လျှောက်လွှာလက်ခံမယ့် ရက်နဲ့ စာမေးပွဲ ကျင်းပမယ့်ရက်တွေကိုတော့ ထည့်သွင်းထုတ်ပြန်ထားတာမရှိပါဘူး။

စာ​မေးပွဲ​ဖြေမယ့်သူ​တွေအ​နေနဲ့ လျှောက်လွှာတင်ရင် နိုင်ငံကူးလက်မှတ် အမျိုးအစား (PV)နဲ့ လည်း လျှောက်ထားနိုင်ပြီး စာမေးအောင်လို့ အလုပ်လျှောက်လွှာတင်ရင်​တော့ PJ နဲ့ပဲ လက်ခံမယ်လို့ POEA-EPS ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီစာမေးပွဲကို Computer Based Test စနစ်နဲ့ ဖြေဆိုရမှာ​ဖြစ်​ပြီး အခြေခံကျွမ်းကျင်မှု စစ်ဆေးတာ​ဖြစ်တဲ့ ကိုယ်ကာယကြံခိုင်မှုနဲ့ အရောင်ခွဲခြားနိုင်စွမ်း ရှိ/မ ရှိ မျက်စိစစ်ဆေးမှုတွေကိုပါ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

စာမေးပွဲလျှောက်လွှာ လက်ခံမယ့်ရက်နဲ့ စာမေးပွဲကျင်းပမယ့် နေ့ကို တရားဝင်ဆက်လက် ထုတ်ပြန်မှာဖြစ်ပြီး POEA-EPS က ကြေညာတဲ့ သတင်းအချက်အလက်ကသာ အတည်ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီစာမေးပွဲကို ၂ နှစ်လောက် မကျင်းပဖြစ်ခဲ့တာကြောင့် ဒီနှစ်မှာ ဝင်ရောက်ဖြေဆိုမယ့်သူ များနိုင်တယ်လို့ ကိုရီးယားဘာသာသင်တန်းကျောင်း တာဝန်ရှိသူတချို့က ခန့်မှန်းထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024