Home
မြန်မာသတင်း
စစ်ကောင်စီ ရှေ့တန်းစခန်းမှ စစ်သည် ၁ ဦး ပြည်သူ့ရင်ခွင်ခိုလှုံ
DVB
·
June 22, 2022

စစ်အာဏာရှင်ကို ဆန့်ကျင်ပြီး အာဏာဖီဆန် CDM ပြုလုပ်ရင် ပစ်သတ်မယ်လို့ ခြိမ်းခြောက်ခံထားရတဲ့ စစ်ကောင်စီရှေ့တန်းစခန်းက စစ်သည်တယောက်ဟာ CDM ပြုလုပ်ကာ ပြည်သူ့ရင်ခွင်ခိုလှုံလာတယ်လို့ သိရပါတယ်။

အဆိုပါ စစ်သည်ဟာ စစ်ကောင်စီ လက်အောက်ခံ ခလရ (၃၃၈) ရှေ့တန်းစခန်းတနေရာကနေ CDM ပြုလုပ်လာပြီး လွတ်မြောက်နယ်မြေတနေရာက ပြည်သူ့ပန်းတိုင်အဖွဲ့ရဲ့ စခန်းဆီ ဇွန် ၂၁ ရက်မှာ ရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရှေ့တန်းစခန်းတွေမှာ ရိက္ခာတွေ စုနေပြီး စစ်သည်တွေဟာ အနားယူချိန်မရဘဲ အလုပ်လုပ်နေရကာ သူရှိနေတဲ့ စခန်းမှ လက်နက်ပြင်စစ်သည်တယောက် CDM ပြုလုပ် စွန့်ခွာသွားချိန်မှာ စခန်းမှာ ကျန်ခဲ့တဲ့ စစ်သည်တွေကို အဲဒီလို မလုပ်ဖို့နဲ့ ပြုလုပ်ပါက ပစ်သတ်မယ်လို့ တပ်ခွဲမှူး ဗိုလ်ကြီး ကိုကိုဝင်းနဲ့ ဗိုလ်ကြီးကျော်ဇင်ဦးတို့က ခြိမ်းခြောက် ပြောကြားခဲ့တယ်လို့လည်း အဆိုပါ စစ်သည်က ပြောပါတယ်။

စစ်ကောင်စီတပ်ရှေ့တန်းစခန်းတွေမှာတော့ အလုပ်ပင်ပန်းတာ၊ ခြိမ်းခြောက် အကျပ်ကိုင်ခံရတာတွေကြောင့် တပ်ကနေ စွန့်ခွာချင်နေတဲ့ စစ်သည်တွေလည်းရှိနေတယ်လို့ သူက ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် အကြမ်းဖက် စစ်ကောင်စီတပ်ကို အာဏာဖီဆန်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက် သောင်းနဲ့ချီ ရှိနေပြီ ဖြစ်ပါတယ်။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနကတော့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ကနေ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ သားကောင်းတွေကို နွေးထွေးစွာ ကြိုဆိုနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ ပြည်သူလူထုကို အကြမ်းဖက် သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မလိုလား မနှစ်မြို့ကြတဲ့ အရာရှိ၊ စစ်သည်တွေ၊ ရဲတပ်သားတွေဟာ သူတို့ရဲ့ ဂုဏ်သိက္ခာ၊ မျိုးဆက်တွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့ စစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ်အဖြစ်က ရုန်းထွက်ပြီး ပြည်သူ့ဘက် ကူးပြောင်းရပ်တည်လာတာ တဖြည်းဖြည်း များပြားလာနေပါတယ်။

တပ်မတော်ကို အလွဲသုံးစားပြုလုပ်နေတဲ့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစုရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ်အဖြစ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုဝင်ကြဖို့ တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တိုက်တွန်းနှိုးဆော်ထားပါတယ်။

ဒါ့အပြင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဖြစ်ကြတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့လို အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင် ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက် မြန်မာ့ တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို လက်ကမ်းကြိုဆိုနေကြတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024