Home
မြန်မာသတင်း
အင်းတော်မြို့နယ်တွင် ကေအိုင်အေ ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်
DVB
·
June 22, 2022

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ အခုရက်ပိုင်း တိုက်ပွဲတွေဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီတပ်နဲ့ အတူ ထောင်ကျအကျဉ်းသားတွေလည်းပါဝင်လာတာတွေ့ရတယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။ 

အောင်းကုန်းရွာနဲ့ မော်တိတ်ဒေသအနီးမှာ စစ်ကောင်စီတပ်နဲ့ KIA  ကသာခရိုင် တပ်ရင်း ၂ အင်းတော်ဒေသကာကွယ်ရေး မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေ ဇွန် ၁၈ ရက်မှာတပွဲ၊ ၂၀ ရက်မှာတပွဲ၊ တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့တာလို့ PDF တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“၁၈ ရက်နေ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က အ‌‌ယောက် ၂၀ လောက် သေဆုံးနိုင်ပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်။ သူတို့ဘက်က တိုက်ခိုက်ရေးနားမလည်တဲ့ ထောင်သားတွေဆိုတော့ ပြေးတာတန်းနေတာပဲ။”

အဆိုပါ ထောင်သားတွေဟာ မိုးညှင်း၊ ကသာ၊ ရွှေဘိုထောင်က မူးယစ်ဆေးဝါးမှုနဲ့ ထောင်ကျနေတဲ့ နှစ်ကြီးအကျဉ်းသားတွေဖြစ်ပြီး လိုအပ်တဲ့ မူးယစ်ဆေးဝါးကိုလည်း စစ်သားတွေအတွက် ဝယ်ပေးရကြောင်း ထောင်ကျအကျဉ်းသားက ပြောပြသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတဦးက ဆိုပါတယ်။

အဆိုပါထောင်သား‌တွေကို မြင်တွေ့ဖူးသူတဦးက “သူတို့က လက်နက်ကိုင်တိုက်ကြတယ်။ သူတို့နဲ့ပဲဖြစ်တာ တော်တော်များများက စစ်မတိုက်တတ်ကြဘူးနော်။ ထောင်သားတွေကို သုံးထားတာ ဆေးမှု၊ တပ်ပြေးမှုနဲ့ ထောင်ကျနေတဲ့သူတွေ၊ သူတို့ကို ပြစ်ဒဏ်လျှော့ပေါ့ပေးမယ်ဆိုပြီး ခေါ်ခဲ့တာလို့‌ ပြောတယ်ဗျ။ သူတို့က မူးယစ်ဆေးဝါးလည်း သုံးကြတယ်” လို့ ပြောပါတယ်။

ထောင်ကျအကျဉ်းသားတွေကို စစ်ကောင်စီတပ်သားအသွင်နဲ့ ယူနီဖောင်းဝတ်ကာ လက်နက်ကိုင်တိုက်နေကြတာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားရာ အင်းတော်၊ ရွှေဘို၊ ကသာနယ်ဘက်က မူးယစ်ဆေးဝါးအမှုနဲ့ နှစ်ကြီး ထောင်ဒဏ်ကျခံနေရသူတွေဖြစ်တယ်လို့ ထပ်မံပြောဆိုပါတယ်။

Indaw Revolution - IR အဖွဲ့ တာဝန်ရှိသူတဦးက “ထိတွေ့တိုက်ပွဲမှာ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပေမဲ့ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်လို့ တိုက်ပွဲဖြစ်တဲ့နေရာအနီးရွာက တောထဲရောက်နေတဲ့ လူငယ် ၄ ယောက်နဲ့ လူကြီး ၁ ယောက် လက်နက်ကြီးကျည် ထိမှန်ခဲ့တယ်။ ဇွန် ၂၀ ရက် တိုက်ပွဲမှာ စစ်‌ကောင်စီတပ်ဘက်က ၇ ယောက် သေဆုံးခဲ့ပြီး ၁၀ ယောက်ထက်မနည်း ဒဏ်ရာရရှိကြတယ်။ စကစ တပ်သားတွေဘက်က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်ခဲ့လို့ PDF တပ်သား တဦး (မစိုးရိမ်ရ) ဒဏ်ရာ ရရှိခဲ့ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါတိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးသလို ထိခိုက်ဒဏ်ရာရ သေဆုံးသူ အရေအတွက်ကိုလည်း အတိအကျ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024