စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ မိုးကြိုးပြင်မြောက်ရွာသားနှစ်ဦးကို စစ်ကောင်စီတပ်က မနေ့ ဇွန် ၂၁ ရက်က ကျေးရွာအတွင်း ဝင်ရောက်ကာ သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါစစ်တပ်ဟာ ပုလဲ-ယင်းမာပင်-မုံရွာမြို့ဘက်ကို ပြီးခဲတဲ့ရက်ပိုင်းက ဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကို နယ်မြေလုံခြုံရေးကင်းအဖြစ် ယူဆောင်ပေးတဲ့ စစ်ကောင်စီတပ် ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒေသခံပြည်သူတဦးက “သေဆုံးသူတွေအမည်က ကိုတင်စိုးနဲ့ ကိုပွကြီးတို့ပါဗျ။ ဘာကြောင့် အသတ်ခံရတာလဲ ဆိုတာကတော့ မသိဘူး။ သူတို့ ရွာထဲဝင်လာကတည်းက ကိုတင်စိုးနဲ့ ကိုပွကြီးအမည်မေးပြီး ဝင်လာတယ်။ ဒလန်ရဲ့ သတင်းပေး အသတ်ခိုင်းတာလားတော့ မသိဘူး။ ရွာသားအားလုံးကတော့ အဲလိုထင်နေကြတယ်။ သူတို့လာကတည်းက ‘ဂဠုန်စစ်ကြောင်းလာပြီ၊ မင်းတို့အားကိုးနေတဲ့ နဂါးဆိုတဲ့ တီကောင်ကိုပြောလိုက်’ အဲလို ညာသံပေးပြီး ဝင်လာတာ။ အခုအဖမ်းခံရတဲ့ သူနှစ်ဦးကိုလည်း ရွာသားတွေရှေ့မှာ လက်ပြန်ကြိုးတုပ် ညှဉ်းပန်းနှိပ်စက်တယ်။ နောက်ပြီး ရွာအပြင်ခေါ်သွားပြီး သတ်ပစ်ခဲ့ကြတာ။ အသက်အနေနဲ့ကတော့ အတိအကျ မပြောနိုင်ဘူးဗျ။ တဦးကို လည်လှီးသတ်ထားခဲ့တယ်။ နောက်တဦးကိုကတော့ ခန္ဓာကိုယ် အပိုင်းပိုင်းခုတ်ထစ် သတ်ထားခဲ့ကြတယ်။ အလောင်းတွေပြန်တွေ့ရတာက မိုးကြိုးပြင်(မြောက်)ရွာနဲ့ မိုးကြိုးပြင်(အလယ်)ရွာကြားက ကွင်းပြင်မှာ အဲ့အလောင်းတွေ တွေ့ခဲ့ရတယ်” လို့ ပြောပါတယ်။
မိုးကြိုးပြင်(မြောက်)ရွာကို မနေ့က စစ်ကောင်စီတပ် မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၃၀ မီးလောင်ပြာကျခဲ့ပြီး ရွာသားတွေရဲ့ ဆိတ်၊ ဝက်၊ ကြက် စတာတွေကို သတ်စားသွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါစစ်တပ်ဟာ ဒီနေ့ ဇွန် ၂၂ ရက်မှာ ဆားလင်းကြီး ဆည်တဲကျေးရွာဘက် ထွက်ခွာသွားပြီး ဆည်တဲကျေးရွာက ဘုန်းတော်ကြီးကျောင်းမှာ တပ်စွဲကာ ဒေသခံ ရွာသားအများအပြားကို ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
ဆားလင်းကြီးမြို့နယ်မှာ ပြီးခဲ့တဲ့ ဇွန် ၁၆ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ဂုဏ်တောကျေးရွာက ပြည်သူ ၂ ဦးရဲ့ ရုပ်အလောင်းကိုလည်း ဇွန် ၂၀ ရက် ညနေပိုင်းက ကျေးရွာ ဘုန်းကြီးကျောင်းအနီး ကိုင်းတောထဲမှာ တွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။