Home
မြန်မာသတင်း
ဧရာဝတီ၊ ချင်းတွင်းနှင့် ဒုဋ္ဌဝတီ မြစ်ရေကြီးနိုင်
DVB
·
June 22, 2022

အခု ဇွန်လနောက်ဆုံးပတ်ထဲမှာ မြစ်ရေတွေဟာ လက်ရှိရေမှတ်တွေထက် ၅ ပေလောက်အထိ မြင့်တက်လာနိုင်ပြီး ဧရာဝတီမြစ်ရေဟာ မနေ့ညနေက ရွှေကူမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကို ရောက်ခဲ့တယ်လို့  မိုးဇလဌာနက  ထုတ်ပြန်ပါတယ်။

ဒီ ၁၀ ရက်အတွင်းမှာ ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူနဲ့ ကသာမြို့တို့မှာ ၁ ပေကနေ ၃ ပေလောက်၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တို့မှာ ၂ ပေကနေ ၄ ပေလောက်အထိ လက်ရှိရေမှတ်တွေရဲ့အထက်ကို မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ချင်းတွင်းမြစ်ရေကတော့ ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နဲ့ မုံရွာမြို့တို့မှာ ၂ ပေကနေ ၅ ပေလောက်အထိ အခုရောက်နေတဲ့ ရေမှတ်တွေရဲ့အထက်ကို တက်လာနိုင်တယ်လို့ ဆိုပါတယ်။

ပြီးတော့ မြစ်သာမြစ်ရေဟာ ကလေးမြို့မှာ ၁ ပေလောက်၊ ဒုဋ္ဌဝတီမြစ်ရေဟာ သီပေါမြို့၊ ရွှေစာရံနဲ့ မြစ်ငယ်မြို့တို့မှာ ပေထက်ကနေ ၃ ပေလောက်၊ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့နဲ့ မဒေါက်မြို့တို့မှာ ၁ ပေကနေ ၃ ပေလောက်၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ ၂ ပေလောက်၊ ပဲခူးမြစ်ရေဟာ ဇောင်းတူမြို့နဲ့ ပဲခူးမြို့တို့မှာ ၁ ပေကနေ ၃ ပေလောက်အထိ၊ သံလွင်မြစ်ရေဟာ ဖားဆောင်းမြို့နဲ့ ဘားအံမြို့တို့မှာ ၁ ပေကနေ ၃ ပေလောက်အထိ၊ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့မှာ ၁ ပေခွဲလောက်၊ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နဲ့ ပုသိမ်မြို့တို့မှာ ၁ ပေကနေ ၃ ပေလောက်၊ တိုးမြစ်ရေဟာ မအူပင်မြို့မှာ ၂ ပေလောက်၊ ကုလားတန်မြစ်ရေဟာ ပလက်ဝမြို့နဲ့ ကျောက်တော်မြို့တို့မှာ ၂ ပေကနေ ၅ ပေလောက်၊ လေးမြို့မြစ်ရေဟာ မြောက်ဦးမြို့မှာ ၁ ပေလောက်၊ ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့မှာ ၂ ပေလောက်အထိ လက်ရှိရေမှတ်တွေအထက်ကို မြင့်တက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဧရာဝတီမြစ်ရေဟာ ဇွန် ၂၁ ရက် ညနေ ၆ နာရီခွဲအချိန်က ရွှေကူမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၂ လက်မအထိကျော်လွန်ခဲ့ပြီး ဒီနေ့ ဇွန် ၂၂ ရက်နေ့ မနက်ပိုင်းမှာတော့ စိုးရိမ်ရေမှတ်အောက်ကို ပြန်ရောက်သွားပြီလို့လည်း ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024