တာ့ခ်ခရိုင် မဲဆောက်မြို့ထဲမှာ ဇွန် ၁၉ ရက် ညက လူငယ်တွေ အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွားကာ ဓားတွေ သေနတ်တွေပါ ပါတာကြောင့် အနည်းဆုံး ၅ ဦး ထိခိုက်ဒဏ်ရာရပြီး ကားနဲ့ဆိုင်ကယ်တွေလည်း ပျက်စီးခဲ့ပါတယ်။
မဲဆောက်မြို့ မြူနီစီပယ်ရပ်ကွက် ဝပ်လုံဘုန်းကြီးကျောင်းအနီးမှာ လူငယ်တွေခိုက်ရန်ဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရသူတွေရှိကြောင်း သတင်းပေးချက်ရတဲ့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လူနာတင်ယာဉ်တွေနဲ့အတူ သွားရောက်စစ်ဆေးကြည့်ရှုခဲ့တယ်လို့ မဲဆောက်မြို့နယ်ရဲစခန်း တာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။
တာဝန်ရှိသူတွေ ရောက်သွားချိန်မှာတော့ ရန်ဖြစ်သူတွေ အကုန်ထွက်ပြေးကြပြီး ဒဏ်ရာရသူတွေသာ ကျန်ရှိကြောင်း၊ အသက် ၁၈ နှစ် နဲ့ ၂၅ နှစ်ရွယ်ကြားလူငယ် ၂ ဦး သေနတ်ဒဏ်ရာနဲ့ ၃ ဦးက ဓားခုတ်ရာရပြီး သေနတ်ဒဏ်ရာနဲ့လူငယ် စိုးရိမ်ရကြောင်း၊ နောက်ထပ် အသက် ၁၃ နှစ်ကျော် မိန်းကလေး ၁ ဦးမှာ နောက်ကျောကို သေနတ်မှန်ပြီး သူလည်း ဒဏ်ရာပြင်းတာကြောင့် အားလုံးကို မဲဆောက်ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
ဒဏ်ရာရသူတွေနဲ့ ၇ မီတာခန့်အကွာမှာလည်း ကားမှန် ၄ ဘက်လုံးရော၊ ကားဘော်ဒီပါ ထု ထောင်း ရိုက်ခွဲခံထားရတဲ့ နစ်ဆန်းကား ၁ စီး၊ ထုနှက်ဖျက်ဆီးခံထားတဲ့ မော်တော်ဆိုင်ကယ် ၂ စီးကိုပါ တွေ့ရတယ်လို့ ဆိုပါတယ်။
ရပ်ကွက်ထဲက လူတွေပြောပြချက်အရ ရန်ဖြစ်တာ ၂ ဂိုဏ်းရှိကြောင်း၊ အဆိုပါလူငယ်တွေဟာ မဲဆောက်မြို့ပြင် သူရဲကောင်းကျောက်တိုင်နားမှာကတည်းက ရန်ဖြစ်လာပြီး ရပ်ကွက်ထဲနေ လူငယ်တဦးကို အိမ်ရှေ့မှာ လာရောက်အော်ခေါ်ပြီး တဘက်နဲ့တဘက် နောက်ထပ်ထိပ် တိုက်ခိုက်ရန်ဖြစ်ပွါးကြောင်း၊ သေနတ်သံမှာ အကြိမ်ပေါင်း မရေတွက်နိုင်အောင်များပြီး ရပ်ကွက်ထဲက လူတွေ ဘယ်သူမှထွက်မကြည့်ရဲဘဲ တံခါးအလုံပိတ်ပြီး နေနေရတယ်လို့ ပြောပါတယ်။
အောင်စိုးစိုး ဆိုသူ လူငယ်တယောက်ကတော့ မဲဆောက်မှာ မဲ့ဝမ်းဆိုတဲ့ ဂိုဏ်းတဂိုဏ်းရှိကြောင်း၊ သူအပါအဝင် အခြားလူငယ်တွေကို ဂိုဏ်းထဲဝင်ဖို့ပြောပြီး မဝင်ဘူးဆိုရင်လိုက်ပြီး အနိုင်ကျင့်တယ်လို့ ထိုင်းရတ်သတင်းထောက်ကို ပြောပါတယ်။
ချနယ်လ် ၇ တီဗွီသတင်းမှာတော့ ခိုက်ရန်ဖြစ်ပွားတဲ့ဂိုဏ်းထဲမှာ မဲဆောက်မှာ အနေကြာလို့ တောင်ပေါ်သားကတ်တွေရထားတဲ့ မြန်မာလူငယ်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ဒဏ်ရာရသူတွေ ဆေးရုံရောက်သွားတော့ သူ့လူကိုယ့်လူ အဖွဲ့လိုက် သွားရောက်ကြည့်ရှုအားပေးကြပြီး ဆေးရုံမှာ ထပ်ပြီးပြဿနာတက်မှာစိုးလို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ တိုးမြှင့်ချထားကာ မျက်ခြည်မပြတ်စောင့်ကြည့်နေရတယ်လို့ တာဝန်ရှိသူက ဆယာမ်ရတ်သတင်းထောက်ကို ပြောသွားပါတယ်။
ကိုးကား - siamrath.co.th