မန္တလေးတိုင်း ကျောက်ပန်းတောင်း-ညောင်ဦးလမ်းကြောကို ဇွန် ၁၆ ရက် မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်တွေ ပိတ်ဆို့စစ်ဆေး ရှာဖွေနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါလမ်းကြောပေါ်မှာ မိုင်းသုံးလုံး တွေ့ရှိခဲ့တာကြောင့် ကျောက်ပန်းတောင်း အထွက်လမ်းကနေ ညောင်ဦးမြို့အထွက်လမ်းအထိ ပိတ်ဆို့ကာ ဖြတ်သန်းသွားလာနေတဲ့ ယာဉ်ကားတွေကိုပါ ရပ်တန့်ခိုင်းပြီး စစ်ဆေးရှာဖွေနေတယ်လို့ ဆိုပါတယ်။
ဒေသခံတဦးက "မိုင်းသုံးလုံးတွေ့လို့၊ မိုင်းရှာနေကြလို့၊ လမ်းပေါ်ကလူတွေလည်း အကုန်ရပ်ခိုင်းထားတာ၊ အကုန်စစ်တယ်။ ကျောက်ပန်းတောင်းအထွက်မှာလည်း ပိတ်လိုက်ပြီ၊ ညောင်ဦးအထွက်မှာလည်း ပိတ်လိုက်ပြီ" လို့ ပြောပါတယ်။
ကျောက်ပန်းတောင်းနဲ့ ညောင်ဦးမြို့နယ်အတွင်းမှာလည်း ပြီးခဲ့တဲ့ရက်တွေကတည်းက လုံခြုံရေးတင်းကျပ်နေပြီး ကင်းပုန်းအများအပြား ချထားတယ်လို့ သိရပါတယ်။
ခရီးသည်တင်ယာဉ်၊ အိမ်စီးကားတွေကိုလည်း နံပါတ်ပြားပါမချန် အကုန်ရှာဖွေစစ်ဆေးနေပြီး ဆိုင်ကယ်တွေကိုရော၊ ဖုန်းတွေကိုပါ စစ်ဆေးနေတာလို့ သိရပါတယ်။
ဒါ့အပြင် ကျောက်ပန်းတောင်းမြို့နယ်၊ ပေါက်တောဘက်မှာလည်း စစ်ကာင်စီတပ်တွေက တောနင်းရှာဖွေဖို့ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။