ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ ခလရ ၅၅၀ တပ်ရင်းအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် တယောက်ကို ဇွန်လ ၁၆ ရက် ဒီနေ့မွန်းလွဲပိုင်းမှာ ရက္ခိုင့်တပ်တော်(အေအေ)တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်ဖမ်းဆီးခံရပြီးနောက် ခလရ ၅၅၀ စစ်တပ်က သေနတ်တွေနဲ့ပစ်ပြီး မြို့ဝင်မြို့ထွက်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ဆေးနေကြတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
“စစ်ကောင်စီ တပ်သားနှစ်ဦးက အရပ်ဝတ်နဲ့ ဆောက်လုပ်ရေးပစ္စည်းလာဝယ်ကြတာလို့သိရတယ်။ အဲဒီက အပြန်မှာဖမ်းတာ။ တစ်ယောက်ကို ဖမ်းရလိုက်ပြီး တစ်ယောက်ကပြေးလွတ်သွားတယ်။ ဖမ်းတဲ့နေရာနဲ့ စစ်တပ်နဲ့က နီးနီးလေးပဲ။ အဖမ်းခံလိုက်ရတဲ့ စစ်သားရဲ့ ရာထူးကိုတော့ မသိရသေးဘူး။ အဲဒီနောက် စစ်တပ်က သေနတ် ၃ ချက်လောက်ပစ်တယ်။ မြို့ဝင် မြို့ထွက်တွေမှာ အင်အားအလုံးအရင်းနဲ့ စစ်ဆေးနေတုန်း နောက်ထပ် သေနတ် ၃ ချက်ပစ်တယ်။ မိုးအရမ်းရွာနေတော့ ဘယ်ကပစ်တယ်ဆိုတာတော့ မသိရသေးဘူး။ ထိခိုက်တာတွေတော့ မကြားရသေးဘူး"လို့ပြောပါတယ်။
ဖမ်းဆီးခံလိုက်ရတဲ့ စစ်ကောင်စီတပ်သားတွေ လာဝယ်သွားတဲ့ ဆောက်လုပ်ရေးဆိုင်ပိုင်ရှင်ကို စစ်တပ်က လာရောက်ခေါ်ဆောင်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သား ဖမ်းဆီးခံရပြီးနောက် စစ်တပ်က သေနတ်နဲ့ပစ်လိုက်တာကြောင့် စာသင်ကျောင်းတွေနဲ့ စျေးတွေကို ပိတ်လိုက်ရပြီး လမ်းပေါ်မှာ ခြောက်ကပ်နေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၁ ရက်ကလည်း ကျောက်တော်မြို့မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ယောက်ကို ရက္ခိုင့်တပ်တော်(အေအေ)တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေကပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အေအေတပ်ဖွဲ့ဝင်တွေကို နေအိမ်တွေအထိဝင် ရောက်ဖမ်းဆီးနေတာကြောင့် စစ်ကောင်စီတပ်သားတွေကို ပြန်လည်ဖမ်းဆီးနေတာလို့ ဇွန် ၁၄ ရက် သတင်းစာရှင်းလင်းပွဲမှာ အေအေ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။