Home
ဆောင်းပါး
ဘယ်သူတွေ အလင်းဝင်သင့်သလဲ
DVB
·
June 16, 2022

PDF များ လက်နက်အပ် အလင်းဝင်ကာ ပြည်သူအဖြစ် ခံယူပါက ကြိုဆိုလက်ခံသွားမည်ဟု ဇွန်လ ၁၁ ရက် ညပိုင်းတွင် စစ်ကောင်စီက အရေးပေါ် ထုတ်ပြန်လာ၏။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှလွဲ၍ အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ထားသော NUG၊ CRPH၊ PDF တို့နှင့် တွေ့ဆုံဆွေးနွေးရန်မရှိဟု မေလအတွင်းက လူသိရှင်ကြား ထုတ်ဖော် ပြောဆိုခဲ့အပြီး တလအတွင်းမှာပင် စစ်ကောင်စီ လေသံပြောင်းလာခြင်းဖြစ်သည်။ လေသံပြောင်းရခြင်း၏ နောက်ကွယ်၌ အကြောင်းတရားများ ရှိပေ‌လိမ့်မည်။ ထိုအကြောင်းတရားများအနက် သေချာသော အကြောင်းတရားတခုမှာ တနှစ်သား PDF များ၏ စစ်ရေးစွမ်းရည်ကို မထီမဲ့မြင် မပြုရဲတော့ခြင်း ဖြစ်ပေမည်။

နွေဦးတော်လှန်ရေးနှင့်အတူ ဖူးပွင့်လာသော ဂျန်ဇီများ၏ တိုက်ခိုက်ရေးဗျူဟာများကို ဝါရင့် လက်နက်ကိုင်အဖွဲ့များကပင် အသိအမှတ်ပြုလာရသည်။ ပြည်တွင်းစစ်သမိုင်းတွင် မသုံးဘူးသေးသည့် ဒရုန်းတိုက်ခိုက်မှုများသည် ဂျန်ဇီများလက်ထက်တွင်မှ တွေ့မြင်လာရသည်။ မိုင်းကို ဆောင်းဘောက်အတွင်း ထည့်ထောင်သည်။ လမ်းမိုင်တိုင်ပြတိုင် အသွင်ပြု ထောင်သည်။ မိုင်းထဲကို မိုင်းထည့်တိုက်သည်။ လှည့်ကွက်နှင့် ဗျူဟာများက စုံလင်လှသည်။ PDF၊ LDF တို့၏ ပြောက်ကျားတိုက်ခိုက်ရေး ဗျူဟာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား တတိတိ ပျက်သုဉ်းနေသည်။

သည်တော့လည်း PDF များကို စစ်ကောင်စီ အလေးမူလာရသည်။ သို့ရာတွင် စစ်ကောင်စီသည် PDF များကို EAO များကဲ့သို့ တွေ့ဆုံဆွေးနွေးမှု ပြုလိုပါသည်ဟု ဖိတ်ခေါ်ခြင်းမျိုးမလုပ်။ အဆင့်နိမ့် ဆက်ဆံနေဆဲ ဖြစ်၏။ လက်နက်အပ်ပါ၊ အလင်းဝင်ပါဟုသာ သုံးနှုန်းသည်။ NUG၊ CRPH တို့နှင့်လည်း PDF ကို ခွဲထုတ်သည်။

စစ်ကောင်စီသည် ယခင်စစ်အာဏာရှင်တို့၏ နည်းဗျူဟာအတိုင်း PDF ကို  သပ်လျှို သွေးခွဲ အင်အားချည့်နဲ့အောင် လုပ်ဆောင်ဦးမည် ဖြစ်သည်။ နည်းဗျူဟာအဟောင်းဆိုကာ ပေါ့ပေါ့တန်တန် သဘောထား၍တော့ မဖြစ်ပေ။ မြန်မာပြည်တွင် ခေတ်အဆက်ဆက် အလုပ်ဖြစ်ခဲ့သည့် နည်းဗျူဟာ ဖြစ်၏။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုလည်း ထိုနည်းဗျူဟာဖြင့်ပင် အင်အားချည့်နဲ့အောင် လုပ်ဆောင်လေ့ရှိသည်။ စစ်အာဏာရှင်တို့သည် ၎င်းတို့၏အလိုကျ အသုံးတော်ခံမည့်သူများကို ချီးမြှင့်မြှောက်စားပြခြင်းဖြင့် အဖွဲ့အစည်းပြိုကွဲအောင်၊ အင်အားချည့်နဲ့အောင် ကြံဆောင်လေ့ရှိသည်။ ၎င်းတို့၏ ချီးမြှင့်မြှောက်စားမှုသည် အခိုက်အတန့်သာဖြစ်၏။ ၎င်းတို့ ပုံဖော်လိုသည့် ဇာတ်ဝင်ခန်း ရယူပြီးသွားလျှင် ၎င်းတို့အလိုကျ အသုံးတော်ခံခဲ့မိသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းသည် မြောင်းထဲရောက်ရတော့သည်။ မြှောက်စားထားမှုများကိုလည်း ပြန်လည်ခွာယူသည့်အပြင် စိတ်အနှောင့်အယှက်ဖြစ်အောင် နည်းပေါင်းစုံဖြင့် လုပ်ဆောင်လေ့ရှိသည်။

မွန်ပြည်သစ်ပါတီမှ နိုင်စိုက်ချမ်းသည် သူ့တပ်ရင်းနှင့်အတူ ၁၉၉၅ ခုနှစ်တွင် စစ်အစိုးရထံ လက်နက်အပ် အလင်းဝင်ခဲ့သည်။ မွန်လက်နက်ကိုင်အဖွဲ့အတွင်း ပထမဆုံး လက်နက်ချသော အဖွဲ့ဖြစ်၏။ နိုင်စိုက်ချမ်းနှင့်အဖွဲ့ကို ထိုစဉ်က စစ်အစိုးရက ချီးမြှင့်မြှောက်စားသည်။ မြေယာနှင့် စီးပွားရေးလုပ်ပိုင်ခွင့် များစွာပေးခဲ့၏။ သို့သော် နောက်ပိုင်းတွင် နိုင်စိုက်ချမ်း၏ စီးပွားရေးလုပ်ငန်းများကို နည်းပေါင်းစုံဖြင့် အနှောင့်အယှက်ပေးသည့်အပြင် နိုင်စိုက်ချမ်း ဝယ်ယူထားသည့် မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်၊ ငန်းတေးလမ်းမပေါ်ရှိ ခြံအမှတ် (၅၀) နှင့် စပ်လျဉ်းပြီး တရားရင်ဆိုင်ရအောင် လုပ်ဆောင်ခဲ့ကြသည်။

မဆလခေတ် ဒေသပါတီယူနစ်အဖွဲ့ဝင် ဦးသိန်းအောင်တင် ပိုင်ဆိုင်သည့် နေအိမ်ကို ၎င်းကွယ်လွန်ပြီးနောက် သက်ဆိုင်ရာ သားသမီးများထံမှ ၂၀၀၈ ခုနှစ်တွင် နိုင်စိုက်ချမ်း ဝယ်ယူခဲ့ပြီးနောက် မောင်အေး (ခေါ်) အပ္ပရောင်းကလည်း အဆိုပါနေအိမ်ကို ဦးသိန်းအောင်တင် မကွယ်လွန်မီကပင် ဝယ်ယူခဲ့သည်ဟုဆိုကာ နှစ်ဦးနှစ်ဖက် အမှုရင်ဆိုင်ခဲ့ကြရသည်။ ၂၀၁၂ ခုနှစ်အထိပင် အမှုက မပြီးပြတ်ဘဲ နိုင်စိုက်ချမ်း ငွေကုန်၊ စိတ်ရှုပ်ခဲ့ရ၏။ ထိုအမှုမှာ စရဖ၏ဇာတ်ညွှန်းဟု ဒေသခံများက သုံးသပ်ရှုမြင်ကြသည်။ ဤသည်မှာ စစ်အာဏာရှင်တို့၏ စရိုက်နှင့် လုပ်ရပ်ကို ပြညွှန်းခဲ့သည့် ဖြစ်ရပ်မှန်ကို မသိမမီခဲ့သော လူငယ်များ သိရှိလာအောင် လှစ်ဟပြခြင်း ဖြစ်ပါသည်။ နိုင်စိုက်ချမ်းကဲ့သို့ပင် တိမ်ငုပ်သွားခဲ့ရသည့် လက်နက်ကိုင်အဖွဲ့ခေါင်းဆောင် များစွာရှိသည်။

စစ်အာဏာရှင်ဆိုသည်မှာ ၎င်းတို့အလိုမကျလာပါက အမြဲတမ်း စီးပွားရေးပါတနာဖြစ်ခဲ့သော ဧဒင်အုပ်စု၏ ပဲ့ကိုင်ရှင် ဦးချစ်ခိုင်လိုလူကိုပင် အမှုရှာ စီရင်တတ်သည်မှာ မျက်မြင်ဒိဌပင်ဖြစ်၏။ ၎င်းတို့အလိုကျ အသုံးတော်ခံမိသော အမျိုးသားရေးသမားအမည်ခံ ဦးဝီရသူ၊ ဝင်းကိုလတ်၊ နေမျိုးဝေ ဆိုသူတို့၏ သမိုင်းသည် နိဋ္ဌိတံသွားရပြီဆိုသည်ကို PDF လူငယ်များ သိကြပြီး ဖြစ်ပါလိမ့်မည်။ စစ်ကောင်စီကမူ PDF များ ပြိုကွဲအောင် နည်းပေါင်းစုံဖြင့် ကြံဆောင်ပါလိမ့်မည်။ မကြာသေးမီကပင် မန္တလေးနန်းတွင်း၌ PDF များအား အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပွဲဟူ၍ လုပ်သွားခဲ့သည်။ ရှေ့လျှောက်တွင် ၎င်းတို့မွေးထားသည့် ဇာတ်ကောင်များဖြင့် လက်နက်အပ်နှံပွဲများ၊ ချီးမြှင့်မြှောက်စားပြမှုများဖြင့် အစစ်အမှန် လူငယ်များကို မြှူဆွယ်ဖြားယောင်းလာကြမည်မှာ သေချာပါသည်။

သို့သော် ၈၈ က သောက်ချိုးတွေ ၂၁ မှာ လာမချိုးနဲ့ဟု ကြွေးကြော်ခဲ့ကြသော နွေဦးဂျန်ဇီများကို စစ်ကောင်စီ ဖြိုခွဲရန်မှာ လွယ်ကူမည်မဟုတ်ဟု မှန်းဆရပါ၏။ အနည်းငယ်ပဲ့ထွက်သွားလျှင်ပင် ထပ်ပြည့်လာမည့် အင်အားက သာလွန်နေပြီးဖြစ်သည်။ ခေတ်အဆက်ဆက် လက်သိပ်ထိုး လာဘ်စားခဲ့ကြပြီး ယခုအခါမှ ကျူးကျော်ဟုဆိုကာ နေအိမ်များကို အဓမ္မဖျက်ဆီးခြင်း၊ ရွာစဉ်လှည့် မီးရှို့ခြင်း၊ သား၊ သမီး မတွေ့လျှင် မိဘကို ဖမ်းဆီးခြင်းများက စစ်ကောင်စီကိုယ်တိုင်က လက်နက်ကိုင်လမ်းကြောင်းပေါ် တွန်းတင်ပေးနေခြင်းဖြစ်သည်။

ထို့အပြင် နိုင်ငံရေးအကျဉ်းသားများကို သေဒဏ်စီရင်မည်ဟု ခြိမ်းခြောက်ခြင်းသည် ရူးမိုက်သော စကစသည် ဓာတ်ဆီကန်ထိပ် ဗျောက်ဖောက်ပြနေခြင်း ဖြစ်၏။ နိုင်ငံတကာက အလိုရှိသော ဘိန်းဘုရင် ခွန်ဆာ၊ လော်စစ်ဟန်တို့ကို အကာအကွယ်ပေး သူကောင်းပြု ချီးမြှင့်မြှောက်စားခဲ့သော မြန်မာစစ်တပ်သည် တိုင်းရင်းသား နိုင်ငံရေးသမားများကို သေဒဏ်စီရင်ခဲ့ပါက နိုင်ငံရေးပါရာဇိက ကျပေလိမ့်မည်။ မည်သည့်ခေတ်အခါကမှ မရှိခဲ့ဘူးသော ဗမာ့နယ်မြေများတွင် စစ်ကောင်စီလက်ထက်ရောက်မှ ရွာလုံးကျွတ်မီးရှို့၊ လုယက် သတ်ဖြတ်ခံနေရခြင်းသည် သားစဉ်မြေးဆက် နာကြည်းမုန်းတီးမှုကို ဖြစ်ထွန်းစေခဲ့ပြီ ဖြစ်၏။ မပြေနိုင်သော ရန်ငြိုးကို စစ်ခေါင်းဆောင်များက ရူးနှမ်းစွာ မီးထိုးပေးခဲ့ခြင်းဖြစ်သည်။

ထိုသို့ မီးစတဖက် ရေမှုတ်တဖက်နှင့် နည်းဗျူဟာဟောင်းကြီးဖြင့် အလုပ်လုပ်နေသော စစ်ကောင်စီကြောင့် NUG၊ CRPH နှင့် PDF များ ပြိုကွဲသွားမည်မဟုတ်ဘဲ မိမိတို့သာ စစ်ညောင်း၊ စစ်ပန်းကာ အသက်ကို အရင်းပြုကြရမည်ကို စစ်‌ကောင်စီ ဒေါက်တိုင်အားလုံး အထူးသတိချပ်သင့်သည်။ အမှန်တကယ် အလင်းဝင်သင့်တာ ဘယ်သူတွေလဲဟု စစ်ကောင်စီ ဒေါက်တိုင်အားလုံး မိမိတို့ဘာသာ ပြန်လည်ဆန်းစစ်ကြည့်သင့်ပါသည်။

စောအဲမွန်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024