Home
မြန်မာသတင်း
မြောင်မြို့နယ် ဧရာဝတီမြစ်အတွင်း စစ်သင်္ဘော ၁ စီး ဒရုန်းဖြင့် ဗုံးကြဲခံရ
DVB
·
June 14, 2022

မြောင်မြို့နယ် ဧရာဝတီမြစ်ကြောင်းအတွင်းမှာ ဇွန် ၁၃ ရက်နေ့ ညနေက စစ်ကောင်စီရဲ့ ထောက်ပို့ လောင်စာဆီသင်္ဘောအား လုံခြုံရေးယူလိုက်ပါလာတဲ့ စစ်သင်္ဘောတစီးကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ထုတ်ပြန်ပါတယ်။

၆၀-မမ လက်နက်ကြီးတပ်ဆင်ထားပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ထောက်ပို့လောင်စာဆီသင်္ဘောကို ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာမှာ စစ်သား ၆ ဦး သေဆုံးသွားပြီး ၂ ဦး ထွက်ပြေးသွားတယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

“တရက်တည်း နှစ်ကြိမ် တိုက်ခိုက်ခဲ့တာပါ။ ပထမ မနက်ခင်းမှာ အဲဒီသင်္ဘောတွေလမ်းကြောင်းကို သွားကြိုတဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့တာ။ အဲဒီမှာ စစ်ကောင်စီ ၂ ယောက်သေတယ်။ ဒုတိယ ညနေပိုင်းမှာ လုံခြုံရေးစစ်သင်္ဘောကို ဒရုန်းနဲ့ အီနာဂါဗုံးကြဲတာ သူတို့(စစ်ကောင်စီ) တပ်ဖွဲ့ဝင်တွေ ထိုင်နေတဲ့ နေရာတည့်တည့်ကျပြီး အဲဒီနေရာတင် ၆ ယောက် သေတယ်။ ၂ နှစ်ယောက် ထွက်ပြေးတာ တွေ့ရတယ်။ ခန့်မှန်းခြေအရ ၆ ယောက်အထက်ကတော့ သေတာ သေချာတယ်” လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့ (CDSOM) တာဝန်ရှိသူက ပြောပါတယ်။

‌ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်ကောင်စီရဲ့ ထောက်ပို့ လောင်စာဆီသင်္ဘောကို ဒရုန်းနဲ့ ဗုံးကြဲဖျက်ဆီးဖို့ စီစဉ်ခဲ့ပေမယ့် သင်္ဘောမီးလောင်ပြီး မြစ်အတွင်းမျောသွားရင် မြစ်ဘေးကရွာတွေ မီးလောင်မှာစိုးရိမ်တာကြောင့် လုံခြုံရေးစစ်သင်္ဘောကိုသာ တိုက်ခိုက်တာလို့ ဆိုပါတယ်။

ဇွန် ၁၃ ရက်နေ့ မနက်ပိုင်းကလည်း ဆီမီးခုံဆိပ်ကမ်းမှ ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်တွေဟာ ထောက်ပို့လောင်စာဆီသင်္ဘောနဲ့ လုံခြုံရေးစစ်င်္ဘော ၈ စင်းကို သွားရောက်ကြိုရာမှာ လမ်းကြောတလျှောက် လက်နက်ကြီး‌တွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့ပြီး ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုတွေကို မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ - CDSOM၊ PDF TALOKE၊ ပြည်သူ့တပ်မတော် (မြောင်) – Myaung Union Army စစ်ကိုင်းခရိုင်တပ်ရင်း ၁၊ ၂ မှ တပ် ခွဲ ၃၊ MGN RANGER၊ MGN TIGER၊ CRF မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့၊ Young Fighter People's Defence Force၊ Chaung U Revolution Army ချောင်းဦးမြို့နယ် တော်လှန်ရေးတပ်၊ အမျိုးသမီးစစ်သည်တော်တပ်ရင်း (မြောင်) - M2W မှ ထောက်ပို့အားဖြည့်ပေးခဲ့ပြီး စတဲ့ ညီနောင် မဟာမိတ် (၉) ဖွဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လုံခြုံရေးသင်္ဘော ဗုံးကြဲ တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024