Home
မြန်မာသတင်း
ပခန်းကြီးရဲစခန်းက ရဲတပ်သား ၁ ဦး လက်နက်ခဲယမ်းအပြည့်စုံဖြင့် ပြည်သူ့ ရင်ခွင်ခိုလှုံ
DVB
·
June 13, 2022

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပခန်းကြီးနယ်မြေရဲစခန်းက ရဲတပ်သားတစ်ယောက်ဟာ ဇွန်လ ၁၃ ရက်က လက်နက်ခဲယမ်းအပြည့်စုံနဲ့ အာဏာဖီဆန် CDM ပြုလုပ်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့တယ်လို့ Young Force UG(ပခုက္ကူ)ကနေ သိရပါတယ်။

အဆိုပါ ရဲတပ်သားဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ လက်အောက်မှာ ဆက်လက်တာဝန်ထမ်းဆောင်လိုစိတ် မရှိတော့လို့ CDM ပြုလုပ်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းခဲ့တယ်လို့ Young Force UG ရဲ့တာဝန်ခံက ပြောပါတယ်။

“အဲဒီရဲတပ်သားက  G3 သေနတ်တစ်လက်၊ ကျည်ဘောက်တစ်ခု၊ ကျည်ဆန် အတောင့် ၁၀၀နဲ့အတူ ကျနော်တို့ Young Force UG နဲ့ချိတ်ဆက်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာလို့ လွတ်မြောက်နယ်မြေကို ပိုဆောင်ပေးခဲ့တယ်။ အဲဒီရဲတပ်သားကို လမ်းစရိတ် တသိန်းကျပ်ပေးကာ ဂုဏ်ပြုဆုငွေ အများအပြားချီးမြှင့်ခဲ့တယ်။”

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို အာဏာဖီဆန်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက် သောင်းနဲ့ချီရှိနေပြီဖြစ်ပါတယ်။

လက်ရှိမှာတော့ ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မလိုလား မနှစ်မြို့ကြတဲ့ အရာရှိ၊ စစ်သည်တွေ၊ ရဲတပ်သားတွေဟာ သူတို့ရဲ့ ဂုဏ်သိက္ခာ၊ မျိုးဆက်တွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့ စစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ်အဖြစ်က ရုန်းထွက်ပြီး ပြည်သူ့ဘက် ကူးပြောင်းရပ်တည်လာတာ တဖြည်းဖြည်း များပြားလာနေတာပါ။

တပ်မတော်ကို အလွဲသုံးစားပြုလုပ်နေတဲ့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစုရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ်အဖြစ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုဝင်ကြဖို့ တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က  တိုက်တွန်းနှိုးဆော်ထားပါတယ်။

ဒါ့အပြင် ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)တို့လို အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင် ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို လက်ကမ်းကြိုဆိုနေကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024