ကေအန်ယူ တပ်မဟာ ၃ နယ်မြေ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ အင်းနက်ကျေးရွာအုပ်စု၊ ငဗြက်အင်းကျေးရွာအနီးကို ဇွန် ၁၀ ရက် မွန်းလွဲ ၂ နာရီလောက်က စစ်ကောင်စီရဲ့ ခလရ ၆၀ တပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် ဒေသခံပြည်သူတွေ စိုးရိမ်ထိတ်လန့်နေရတယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ထားပါတယ်။
ကျောက်ကြီးမြို့၊ ဆိပ်ကြီးမှာအခြေချထားတဲ့ စစ်ကောင်စီရဲ့ ခလရ ၆၀ တပ်ရင်းက ဗိုလ်ကြီးဇေယျာလင်း ဦးဆောင်ပြီး ငဗြက်အင်းကျေးရွာအနီးကို ၆၀ မမ လက်နက်ကြီးကျည် ၃ လုံး ပစ်ခတ်ခဲ့တဲ့အတွက် လုပ်ငန်းခွင်သွားဖို့နဲ့ ခရီးသွားလာရေးမှာ ဒေသခံပြည်သူတွေဟာ စိုးရိမ်ထိန့်လန့်နေကြတာဖြစ်ပါတယ်။
ဇွန် ၁ ရက်က ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ)၊ တပ်မဟာ ၃၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်တာဝန်ရှိသူတွေက ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးနယ်မြေအတွင်းက ပြည်သူလူထုတွေနဲ့တွေ့ဆုံ ရှင်းလင်းဆွေးနွေးပွဲပြုလုပ်ခဲ့ပါတယ်။
အဆိုပါဆွေးနွေးပွဲအပြီး စစ်ကောင်စီဘက်က ကျောက်ကြီးမြို့နယ်ရှိ ဒေသခံပြည်တွေကို စစ်အုပ်ချုပ်ရေးယန္တရားအောက် အတင်းသွတ်သွင်းဖို့အတွက် နည်းမျိုးမျိုးနဲ့ အကြပ်ကိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဇွန် ၂ ရက်က မဘီကြီးကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ KNLA တပ်တို့ တိုက်ပွဲတကြိမ် ဖြစ်ပွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ မေ ၁၀ ရက်က စစ်ကောင်စီရဲ့ ခလရ ၆၀ တပ်ရင်းက ဗိုလ်ကြီးဇေယျာလင်းဦး ဆောင်ပြီး အင်းနက်ကျေးရွာ ဘုန်းကြီးကျောင်းကို ဒရုန်းနဲ့ ၆၀-မမဗုံးသီးပစ်ချခဲ့တဲ့အတွက် ၈ နှစ်အရွယ် ကလေးတယောက် ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။
မေ ၁၂ ရက်က ဒလဆိပ်ကျေးရွာအုပ်စုနဲ့ အင်းနက်ကျေးရွာအုပ်စုအတွင်းကို စစ်ကောင်စီရဲ့တပ်တွေက နယ်မြေကျော် ထိုးစစ်ဆင်လာတဲ့အတွက် နယ်မြေခံ KNLAတပ်တွေနဲ့ တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။
အဆိုပါအင်းနက်ကျေးရွာအုပ်စု၊ ငဗြက်အင်းကျေးရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ဒုတပ်ရင်းမှူးနဲ့ တပ်ခွဲမှူးအပါအဝင် ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့သလို ဒလဆိပ်ကျေးရွာအုပ်စုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
ဒါအပြင် မေ ၂၀ ရက်က အင်းနက်ကျေးရွာအုပ်စုတွင်းက ကျေးရွာတွေအတွင်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ခတ်လို့ ဒေသခံပြည်သူ ၂ ဦး ဒဏ်ရာရပြီး ပြည်သူပိုင် ကျွဲ ၊နွား တိရိစ္ဆာန်တချို့ ထိမှန်သေဆုံးခဲ့ပါတယ်။
စစ်ကောင်စီတပ်တွေက နယ်မြေကျော်ဝင်ရောက်ပြီး စစ်ရေးလှုပ်ရှားတာ၊ တပ်စခန်းတွေမှာ လူ၊ လက်နက်ခဲယမ်းဖြည့်တင်းတာတွေကြောင့် နေ့စဉ်တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် ဒေသခံပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေအတွက် စစ်ကောင်စီရဲ့ တပ်စခန်းတွေ အပြီးထွက်ခွာသွားဖို့ သက်ဆိုင်ရာ နယ်မြေတွေအလိုက် အသိပေးထုတ်ပြန်ချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။
ကေအန်ယူ ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီရဲ့ပူးပေါင်းတပ်တွေက ကျေးရွာတွေအတွင်းနဲ့ လုပ်ငန်းခွင်တွေအတွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ဒေသခံပြည်သူ ၇၀၀၀၀ ကျော်ဟာ တော၊ တောင်၊ လျှိုမြောင်နဲ့ သောင်းရင်းမြစ်တလျောက် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။