စစ်တပ်က အာဏာသိမ်းပြီးနောက် ကုန်စျေးနှုန်းတွေ တဟုန်ထိုးမြင့်တက်လာပြီး စိုက်ပျိုးရေးစရိတ်တွေ မြင့်တက်လာတာကြောင့် ရခိုင်ပြည်နယ်က လယ်သမားတချို့ လယ်လုပ်ငန်းကို စွန့်လွှတ်လာတာတွေ ရှိတယ်လို့ တောင်သူလယ်သမား အဖွဲ့အစည်းတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့နှစ်တွေက ဓာတ်မြေသြဇာတအိတ်ကို သုံးသောင်းခွဲကျပ်ကနေ အခုနှစ်မှာ တသိန်းကျပ်အထိ မြင့်တက်သွားသလို စက်သုံးဆီ ဒီဇယ် တပီပါကို သုံးသိန်းခွဲကနေ ခြောက်သိန်းဝန်းကျင်အထိ ထိုးတက်သွားတာကြောင့် လယ်သမားတချို့ လယ်ယာလုပ်ငန်းတွေကို စွန့်ခွာလာကြတာပါ။
"လယ်လုပ်ဖို့က ဓာတ်မြေသြဇာစရိတ်တွေက ပြီးခဲ့တဲ့နှစ်ထက် ၃ ဆကျော်လောက် တက်သွားတယ်။ စက်သုံးဆီစျေးတွေကလည်း ၂ ဆလောက် မြင့်သွားတော့ လယ်လုပ်ဖို့အတွက် တော်တော်လေးကို ခက်ခဲမှုတွေရှိလာတယ်။ တချို့တွေဆိုရင် လယ်တွေကိုစွန့်ပြီးတော့ နိုင်ငံခြားတွေကို အလုပ်လုပ်ဖို့ ထွက်သွားကြတာတွေရှိတယ်။ လယ်မြေတွေကိုလည်း ကုန်ကျစရိတ်ကြီးတာကြောင့် ငှားရမ်းဖို့သူတွေတောင် မရှိဘူး" လို့ ပုဏ္ဏားကျွန်မြို့နယ်က လယ်သမားတဦးဖြစ်တဲ့ ဦးအောင်သိန်းထွန်းက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ လယ်သမားတချို့ လယ်လုပ်ငန်းတွေကို စွန့်ခွာလာတာကြောင့် ထွန်းယက်စိုက်ပျိုးခြင်းမရှိတဲ့ လယ်မြေရှိလာနေပြီး အဲဒီလယ်မြေတွေကို ပြည်ထောင်စုအစိုးရ (သို့) ပြည်နယ်အစိုးရ တာဝန်ရှိသူတွေက ကူညီမှုတွေ ပေးသင့်တယ်လို့ ဓညဝတီ တောင်သူလယ်သမားဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးစိုးနိုင်က ပြောပါတယ်။
"ဒီနှစ် စိုက်ပျိုးရာသီမှာ ဓာတ်မြေသြဇာစျေးနဲ့ စက်သုံးဆီစျေးတွေ မတန်တဆ မြင့်တက်သွားတာကြောင့် လယ်သမားတွေ လယ်လုပ်ရမှာကို တော်တော်ေလး စိတ်ပျက်သွားကြတယ်။ တချို့ ငွေကြေးတတ်နိုင်တဲ့သူတွေက လယ်မြေတွေဝယ်ပြီး အငှားချထားတာတွေရှိတယ်။ အခုက စရိတ်တွေကကြီးလာတော့ လယ်သမားတချို့က လယ်မလုပ်ဘဲ နိုင်ငံခြားတွေကို သွားလာကြတယ်။ အဲဒီအခါ လယ်မြေတွေက ငှားရမ်းဖို့သူတွေ မရှိတော့ မြေကွက်လပ်တွေ ဖြစ်လာတာတွေ ရှိလာတယ်။ အဲဒါတွေကို ပြည်ထောင်စုအစိုးရဖြစ်ဖြစ် ပြည်နယ်အစိုးရကဖြစ်ဖြစ် စဥ်းစားပြီးတော့ ကူညီပေးသင့်တယ်လို့ ထင်တယ်။"
ရခိုင်ပြည်နယ်မှာ လယ်သမားတချို့ လယ်လုပ်ငန်းစွန့်ခွာမှုတွေ ရှိလာတာကြောင့် ပြီးခဲ့တဲ့နှစ်ကထက် လယ်စိုက်ပျိုးမြေဧက လျော့ကျနိုင်တယ်လို့ လယ်သမားတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင်တပ်တော် ၂ နှစ်ကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဒေသခံတချို့ စစ်ဘေးရှောင်နေရတာကြောင့် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က လယ်မြေဧက ၁၂ သိန်းထဲက ဧက ၈ သိန်းကျော်သာ ထွန်ယက်စိုက်ပျိုးနိုင်ခဲ့တယ်လို့ ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။