သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ပါမောက္ခ မစ္စတာရှောင်တာနယ်အမှုကို ဇွန် ၉ ရက် ဒီနေ့မနက် ရုံးထုတ်ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။
ရှောင်တာနယ်ကို စစ်ကောင်စီက လ.ဝ.က အက်ဥပဒေနဲ့စွဲဆိုထားပြီး မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃-၁(ဂ)အမှုမှာလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးစိုးဝင်း(စီမံ/ဘဏ္ဍာဝန်ကြီး)၊ ဦးဆက်အောင် (စီမံ/ဘဏ္ဍာ/စက်မှု ဒုဝန်ကြီး)၊ ဦးကျော်ဝင်း(စီမံ/ဘဏ္ဍာ ဝန်ကြီးဟောင်း)တို့ကို အမှုတွဲအဖြစ် တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
ဒီနေ့ရုံးချိန်းမှာ ရှောင်တာနယ်အပေါ်စွဲဆိုထားတဲ့ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃-၁(ဂ) နဲ့ပတ်သက်လို့ စွဲချက်တင်အမိန့်ချလိုက်ပြီး အမှုတွဲပါ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးစိုးဝင်း(စီမံ/ဘဏ္ဍာဝန်ကြီး)၊ ဦးဆက်အောင် (စီမံ/ဘဏ္ဍာ/စက်မှု ဒုဝန်ကြီး)၊ ဦးကျော်ဝင်း(စီမံ/ဘဏ္ဍာ ဝန်ကြီးဟောင်း)တို့ကိုလည်း အားပေးကူညီမှုနဲ့ စွဲချက်တင်အမိန့်ချလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
စွဲချက်တင်အမိန့်ချလိုက်တဲ့အတွက် စွပ်စွဲခံရသူတွေက တရားလိုအပါအဝင် လေးဦးကို ပြန်ခေါ်သက်သေ ခေါ်လိုက်တယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီအနေနဲ့ အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးတဲ့ နိုင်ငံခြားသားတော်တော်များများကို နှစ်နိုင်ငံချစ်ကြည်ရေးကို ထောက်ရှုပြီး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့ပေမယ့် သြစတြေးလျနိုင်ငံသား ရှောင်တာနယ်ကိုတော့ အခုအချိန်ထိ ပြန်လွှတ်ပေးခြင်း မရှိသေးပါဘူး။