မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ဇွန် ၇ ရက် မနက်ပိုင်းက သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်ဗိုလ် ၁ ယောက် သေဆုံးပြီး ပျူစောထီး ၁ ယောက် ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
ပခုက္ကူမြို့ကနေ ဆိုင်ကယ်မောင်းနှင်လာတဲ့ စစ်ကောင်စီ စစ်ဗိုလ် ၁ ယောက်နဲ့ ပျူစောထီးအဖွဲ့ဝင် ၁ ယောက်တို့ကို ကိုးပင်ရွာနဲ့ အင်ပင်ရွာကြားမှာ သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ Yesagyo Revolution Group မှ တာဝန်ရှိသူတဦးက ပြောပါတယ်။
“သူတို့က အင်ပင်ရွာမှာ တပ်စွဲထားတာဗျ။ အင်ပင်ရွာကနေ အဲဒီဗိုလ်က မနက် ၆ နာရီလောက်မှာ ပခုက္ကူမြို့ပေါ်ကို စျေးဝယ်ထွက်လာတာ၊ ၉ နာရီလောက် ပြန်လာတော့ သူတို့ကို လမ်းမှာ အတိုနှစ်လက်နဲ့ ပစ်ခတ်ခဲ့တာပါ။”
သေနတ်ပစ်ခတ်ခံရတာကြောင့် ဆိုင်ကယ်အနောက်မှာ ထိုင်လိုက်လာတဲ့ စစ်ကောင်စီတပ်က တပွင့်ဗိုလ် ညာဘက်ရင်ဘတ်ကို ထိမှန်သွားခဲ့ပြီး အတူပါလာတဲ့ ပျူစောထီးက ပေါင်ကို ကျည်ထိမှန်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ သေနတ်ထိမှန်တဲ့ စစ်ဗိုလ်ဟာ လမ်းက ကားတစီးကိုတားပြီး တင်ခေါ်သွားတဲ့လမ်းမှာ သေဆုံးသွားတာလို့ သိရပါတယ်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အင်ပင်ရွာက စစ်ကောင်စီတပ်ဘက်ကလည်း သေနတ်တွေနဲ့ နာရီဝက်ကြာ ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါပစ်ခတ်မှုကို Yesagyo revolution group YRG နဲ့ Urban Underground revolution force အဖွဲ့တို့ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။