မီတာခပေးသွင်းဖို့ ကျန်နေတဲ့ ပြည်သူတွေအနေနဲ့ မီတာဖြုတ်သိမ်းခံရမယ့်အပြင် အမှုဖွင့် အရေးယူခံရမယ်လို့ နေပြည်တော် ပျဉ်းမနား EPC ရုံးက ဇွန် ၈ ရက်မှာ ထုတ်ပြန် အသိပေးလိုက်ပါတယ်။
ပျဉ်းမနားမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးအနေနဲ့ ဓာတ်အားခ အပြည့်အဝရရှိရေး ညွှန်ကြားချက်အရ ကာလရှည်ဓာတ်အားခပေးဆောင်ခြင်းမရှိသူတွေ လာရောက်ပေးဆောင်ကြဖို့နဲ့ လာရောက်ပေးဆောင်ခြင်းမရှိပါက မီတာဖြုတ်သိမ်းသွားမှာဖြစ်ပြီး ဖြုတ်သိမ်းပြီး ၇ ရက်အတွင်း ထပ်မံလာရောက်မပေးဆောင်ပါက သက်ဆိုင်ရာ ရဲစခန်းမှာ အမှုဖွင့်အရေးယူမယ်လို့ ပျဉ်းမနားလျှပ်စစ်ရုံးရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အခုလို လျှပ်စစ်ရုံးရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ပျဉ်းမနားမြို့ခံတစ်ဦးက “သူတို့က ဓာတ်အားခကျ အပြည့်အဝလိုချင်တယ်။ မီးကျတော့ ပုံမှန်မပေးဘူး။ ပြီးတော့ မီတာလည်း ပုံမှန် လာမဖတ်ဘူး။ မီတာဆောင်ဖို့အရေး ရုံးကိုတခေါက်သွားသွားပြီး ဘယ်လောက်ကျလဲ မေးမေးနေရတယ်” လို့ ပြောပါတယ်။
လူဦးရေ တစ်သိန်းကျော်ရှိတဲ့ ပျဉ်းမနားမြို့အပါအဝင် နေပြည်တော်အတွင်းက မြို့နယ်တွေမှာတော့ မီတာခမဆောင်လို့ မီတာဖြုတ်သိမ်းခံရတာတွေရှိပြီးနောက် ပုံမှန်နီးပါး မီတာဆောင်ကြတယ်လို့ သိရပါတယ်။