Home
ဆောင်းပါး
ချားလ်စ်မင်းသားနှင့် ထီးမွေနန်းလျာ (သတင်းဆောင်းပါး)
DVB
·
June 7, 2022

သက်တော်ရှည် ဗြိတိသျှဘုရင်မကြီး အဲလစ်ဇဘက်ရဲ့  ထီးနန်းစံသက်နှစ် ၇၀ ပြည့်ပွဲကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပခဲ့ပြီးနောက် ဗြိတိန်ထီးနန်းရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ဘယ်လို အပြောင်းအလဲတွေ ဖြစ်လာမလဲဆိုတာ ပြည်သူတွေအကြား စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။

ဘုရင်ဖြစ်ဖို့ နှစ်ပေါင်းများစွာစောင့်ဆိုင်းနေရတဲ့ ချားလ်စ်မင်းသားအနေနဲ့ ထီးမွေနန်းလျာကို ဘယ်အချိန်မှာ ဘယ်လို ဆက်ခံရမှာပါလဲ။

ဘုရင်မကြီး မရှိတဲ့နောက် ထီးနန်းအရိုက်အရာကို ဆက်ခံပြီး ဘုရင်ဖြစ်လာမယ်ဆိုရင်လည်း ဒိုင်ယာနာနဲ့ပတ်သက်တဲ့ လူထုအမြင်တွေကို သူ ပြောင်းနိုင်လိမ့်မယ် မထင်ဘူးလို့ တော်ဝင်ရေးရာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ 

လန်ဒန်တက္ကသိုလ်  ဘုရင်စနစ်သမိုင်းဆိုင်ရာဌာန ပါမောက္ခ အန်နာ၀ှိုက်တ်လော့က “မင်းသားချားလ်စ်ဟာ ဘုရင်အဖြစ်နဲ့ စိတ်အားထက်သန် တက်ကြွမှုရှိမယ်လို့ မထင်ပါဘူး။ သူဟာ ဘုရင်စနစ်ဆိုင်ရာ စွမ်းဆောင်ရည်အသစ်တွေကို ထင်ဟပ်မယ့် လုပ်ဆောင်ချက်တွေ ပြုနိုင်မှာ မဟုတ်ပါဘူး။ နန်းမွေဆက်ခံသူအဖြစ် အခြေအနေကောင်းတွေ ရှိနေတဲ့ သူ့အဖို့က ငယ်ရွယ်သူမျိုးဆက်တွေရဲ့ ထောက်ခံမှုမရတဲ့အပြင် ပြစ်တင်ပြောဆိုခံရတာတွေ ရှိပါတယ်။ သူနဲ့ဒိုင်ယာနာအကြောင်း အခြေခံရိုက်ကူးထားတဲ့ အလွမ်းဇာတ်ခံ  The Crown ဇာတ်ကားကို ကြည့်ရတဲ့ ခေတ်လူငယ်တွေက သူ့ကိုသဘောမကျကြပါဘူး။ သူတို့ရဲ့ မကျေနပ်ချက်တွေကို ထုတ်ပြောကြတယ်။”လို့ ပြောပါတယ်။

သူ့မိဘတွေလိုပဲ  သူဟာ ဘုရင်တပါးအနေနဲ့ ထမ်းဆောင်ရမယ့် တာဝန်၀တ္တရားတွေကို ကျေပြွန်အောင် ထမ်းဆောင်နိုင်မှာပါလို့ ယုံကြည်သူတွေလည်း ရှိပါတယ်။

သည်ဆန်းသတင်းစာရဲ့ တော်ဝင်ဆိုင်ရာသတင်းထောက်ဟောင်း ချားလ်စ်ရေးက “တကယ်တော့ ဘုရင်မကြီးခေတ် ကုန်သွားပါပြီ။ ဘုရားသခင် ကယ်တင်တော်မူပါ။ ရိုးရိုးရှင်းရှင်း ပြောရရင်တော့ ဒါက ချောမွေ့တဲ့ အသွင်ကူးပြောင်းမှုတစ်ခုနီးပါး ဖြစ်နေပါပြီ။ ဖြစ်တော့မှာပါ၊ ဖြစ်လာတော့မှာပါ။ တနေ့မှာ မင်းသားဟာ သရဖူဆောင်းပြီး ရာဇပလ္လင်ပေါ် ထိုင်နိုင်တော့မှာ ဖြစ်ပါတယ်။ ဘုရင်မကြီးနတ်ရွာစံသွားချိန်ကျရင် ချားလ်စ်က ဘုရင်ဖြစ်မှာပါ။ ရိုးရိုးလေးပါပဲဗျာ”လို့ ပြောပါတယ်။ 

ချားလ်စ်နဲ့အိမ်ထောင်ရေးလမ်းခွဲအပြီး သိပ်မကြာခင် ၁၉၉၇ ခုနှစ် ပြင်သစ်မှာ ကားမတော်တဆမှုနဲ့ ဒိုင်ယာနာ သေဆုံးခဲ့ပါတယ်။ ချားလ်စ်မင်းသားက ကြင်ယာတော် ကမီလာနဲ့ လက်ဆက်ခဲ့ပါတယ်။ သူတို့ နှစ်ယောက်ရဲ့ အိမ်ထောင်ရေးပြိုကွဲရတာဟာ ကမီလာကြောင့်ဖြစ်ရတယ်လို့ ဒိုင်ယာနာက စွပ်စွဲပြစ်တင်ခဲ့ပါတယ်။

ချားလ်စ်ရဲ့ အိမ်ထောင်ရေးအခြေအနေကိုထည့်သွင်းရိုက်ကူးထားတဲ့ The Crown ဇာတ်ကားဟာ တကယ့်ကိုကောင်းတဲ့ စိတ်ကူးယဉ်ရုပ်ရှင်ဇာတ်ကားပါလို့ သည်ဆန်းသတင်းစာရဲ့ တော်ဝင်ဆိုင်ရာသတင်းထောက်ဟောင်း ချားလ်စ်ရေးက ဇန်နဝါရီလထဲမှာ ပြောကြားခဲ့ဖူးပါတယ်။

ဘုရင်မကြီးက သူ့ရဲ့သားတော် ချားလ်စ် ဘုရင်ဖြစ်လာတဲ့အခါ မိဘုရားအနေနဲ့ ကမီလာကို မြင်လိုတယ်လို့ ဖေဖေါ်ဝါရီလတုန်းက ပြောခဲ့ပါတယ်။ အရင်တုန်းကတော့ ကမီလာကို တော်ဝင်နန်းတော်မှာ နေရာပေးဖို့ ဆန္ဒမရှိခဲ့ပါဘူး။

တော်ဝင်အတ္ထုပတ္တိရေးသားသူ  ပန်န်နီ ဂျူနောက “မင်းသားချားလ်စ်က သူ့အသက် ၇၀ အတွင်းမှာ အလုပ်တွေအများကြီး လုပ်ခဲ့သူပါ။ တစိတ်တပိုင်း နိုင်ငံရေးနဲ့ဆိုင်တာတွေလည်း သူဝင်လုပ်တာတွေ၊ သူ့အမြင်ပြောတာတွေ ရှိပါတယ်။ လူမှုရေးပရဟိတအလုပ်တွေ လုပ်ရင်းလည်း သူ့အမြင်တွေပြောတာရှိပါတယ်။ လူကြိုက်များလှတာတော့ မဟုတ်ပါဘူး။ ကျေးလက်နဲ့မြို့ပြ ပြန်လည်ထူထောင်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး၊ ဗိသုကာပညာ၊ ပညာရေး၊ ဆေးပညာ စတဲ့နယ်ပယ်စုံမှာ သူတက်တက်ကြွကြွလုပ်ဆောင်ပါတယ်။ လူတွေက သူ့ကိုသိပ်ပြီးးလက်မခံချင်ကြပါဘူး။ ဒိုင်ယာနာနဲ့လက်ထပ်ခဲ့လို့ သူ့ကို ခွင့်မလွှတ်နိုင်သူတွေလည်း ရှိပါတယ်။ သူလည်း သူ့အလုပ်တွေ နားတော့မယ်ထင်ပါတယ်၊ ဒါပေမဲ့ မင်းသားနဲ့ ဆုံဖူးသူတိုင်း၊ သူ့ကိုသိတဲ့သူတိုင်းက ချစ်ခင်နှစ်သက်ကြမယ်ဆိုတာ သေချာပေါက် ပြောနိုင်ပါတယ်။ သူဟာ နှစ်လိုဖွယ်အလွန်ကောင်းသူ၊ အလုပ်အင်မတန်ကြိုးစားသူ၊ ‌ဝေလမင်းသားနဲ့ ထိုက်တန်တဲ့ တာဝန်ဝတ္တရားတွေ အတွက် ကိုယ်ရောစိတ်ပါ မြှုပ်နှံထားသူ ဖြစ်ပါတယ်”လို့ပြောပါတယ်။

နန်းတွင်တော်ဝင် အရေအတွက်ကို လျှော့ချဖို့ ကာလရှည်ကြာ ကြိုးပမ်းနေတဲ့ မင်းသားချားလ်စ်ဟာ လူမှုရေးလုပ်ငန်းတွေလည်း အများအပြား လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒါတွေက သူ့ကို လူကြိုက်များလာစေဖို့ကတော့ မဖြစ်နိုင်ပါဘူးတဲ့။ တော်ဝင်မိသားစုဝင်တွေဟာ နိုင်ငံရေးကိစ္စတွေမှာ ပါဝင်လေ့ပါဝင်ထ မရှိပါဘူး။

အိမ်ရှေ့မင်းသား ချားလ်စ်က “ကမ္ဘာတ၀န်းလုံးမှာ တောရိုင်းတိရိစ္ဆာန်မျိုးစုံကို သတ်ဖြတ်နေကြတယ်၊ ရောင်းဝယ်နေကြတယ်။ ဒါကိုတားဆီးဖို့ကြိုးပမ်းလုပ်ဆောင်မှုတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ လိုနေပြီ။ ဒီအတွက်လည်း ကျနော်တို့သားအဖ လာခဲ့တာပါ။ သတ်ဖြတ်မှုတွေ ဟာ အင်မတန်ဆိုးရွားတဲ့အဆင့်ကို ရောက်နေပါပြီ။ ကမ္ဘာ့တန်ဖိုးအရှိဆုံး တောရိုင်းမျိုးစိတ်တွေရဲ့ ရှင်သန်မှုအတွက်သာမကဘဲ ကမ္ဘာ့နယ်ပယ်များစွာရဲ့ စီးပွားရေးနဲ့ နိုင်ငံရေးတည်ငြိမ်မှုအတွက်ပါ အရေးကြီးတဲ့ အခါသမယပါ”လို့ ပြောပါတယ်။

သမိုင်းပညာရှင်လည်းဖြစ် မကြာသေးခင်ကမှ 'ဘုရင်မ' အတ္ထုပ္ပတ္တိကို ရေးသားတဲ့ ကလောင်ရှင် မက်သရူးဒန်နီဆင်ကတော့ မင်းသားရဲ့အပြုအမူတွေဟာ သူ့မိဘနှစ်ပါး အပေါ် စံနမူနာယူထားတာ တွေ့ရတယ်လို့ ဆိုပါတယ်။

မက်သရူး ဒန်နီဆန်က “မင်းသားချားလ်စ်က ဘယ်လိုဘုရင်မျိုးဖြစ်မလဲဆိုတဲ့ မေးခွန်းတွေကို မကြာခဏ မေးတဲ့အခါမှာ ချားလ်စ်မင်းသားရဲ့ လူသာမန်ဘဝ၊ ဝေလမင်းသားရဲ့ တော်ဝင်ဘဝနဲ့ အိမ်ရှေ့စံတော်ဝင်ဘဝတွေကို လူတွေက အတိုင်းအတာတစ်ခုထက် ပိုပြီးရှုမြင်နေကြတယ်လို့ ထင်ပါတယ်။ မိဘနှစ်ပါးရဲ့ အစဉ်အလာ အရိုက်အရာကို ဆက်ခံနိုင်မယ့်သူ တစ်ယောက်အနေနဲ့လည်း သူ့ကိုယ်သူ ပုံဖော်ခဲ့ပါတယ်။ သူ့အရင် ဆက်ခံခဲ့တဲ့ ဝေလမင်းသားတွေ ထက်လည်း  တိုင်းပြည်တာဝန်ကို ပိုမိုထမ်းဆောင်ခဲ့သူပါ။ ဘုရင်မကြီးအဲလစ်ဇဘက်ဟာလည်း လူထုနဲ့ ထိတွေ့ဆက်ဆံမှု ပိုမိုလုပ်ဆောင်ခဲ့တာ တွေ့ရမှာပါ၊၊ ဒါကြောင့် ကျနော်တို့ဟာ အပြောင်းအလဲအကြောင်း ပြောဆိုကြမယ်ဆိုရင် ဝေလမင်းသားရဲ့ ထင်ရှားတဲ့ ဆောင်ရွက်ချက်တွေကိုလည်း အာရုံစိုက်ဖို့ အရေးကြီးတယ်လို့ ထင်ပါတယ်”လို့ ပြောပါတယ်။

မင်းသား ချားလ်စ်ကို ၁၉၄၈ ခုနှစ် နိုဝင်ဘာ ၁၄ ရက်က ဘက်ကင်ဟမ်နန်းတော်မှာ ဖွားမြင်ခဲ့ပါတယ်။ အဘိုးဖြစ်သူ ဆဋ္ဌမမြောက် ဂျော့ခ်ျဘုရင်ကြီး ကွယ်လွန်ချိန်မှာ သူ့အသက် လေးနှစ်အရွယ် ဖြစ်ပါတယ်။

တော်ဝင်မိသားစုကို အုပ်ချုပ်ပြီး ထီးနန်းစိုးစံရတဲ့ ဘုရင်တစ်ပါး ဖြစ်လာဖို့ ခုချိန်ထိ စောင့်ဆိုင်းနေရတဲ့ မင်းသားရဲ့ အချိန်အပိုင်းအခြားဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀၀ အတွင်းက သူ့လိုပဲ ဗြိတိသျှထီးနန်းအတွက် စောင့်ဆိုင်းခဲ့ရတဲ့ ဆွေတော်မျိုးတော်တွေထက် ပိုပြီးရှည်ကြာနေတယ် ဆိုတာကတော့ အသေအချာပဲ ဖြစ်ပါတယ်။ မိခင်ဘုရင်မကြီး အဲလစ်ဇဘက် နန်းတက်ချိန်ကတော့ အသက် ၂၅ နှစ်အရွယ်သာ ရှိပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024