တနင်္သာရီတိုင်း၊ လောင်းလုံးမြို့၊ (ဃ)ရပ်ကွက်၊ နန္ဒဝန်လမ်းရှိ နေအိမ်တအိမ်မှာ ဇွန် ၇ ရက်၊ မနက် ၃ နာရီခွဲလောက်က ဓားပြတိုက်ခံရပြီး ရွှေထည်နဲ့ ပိုက်ဆံတချို့ပါသွားတယ်လို့ ဓားပြတိုက်ခံရတဲ့ အိမ်က ကာယကံရှင်အမျိုးသမီးကပြောပါတယ်။
“လာတာက နှစ်ယောက်ပဲ။ အသက်ငယ်တဲ့တယောက်က အပြင်မှာစောင့်နေတာ။ အိမ်ထဲ ဝင်လာတဲ့တယောက်က အသက် ၅၀ လောက်ရှိပြီ။ အော်ရင်သတ်ပစ်မယ်ဆိုပြီး လည်ပင်းကို ဓားနဲ့ထောက်ထားတာ။ ပိုက်ဆံနှစ်သိန်းနဲ့ ရွှေ သုံးမတ်သားပါသွားတယ်။”
လောင်းလုံးမြို့မရဲစခန်းနဲ့ ကိုက် ၅၀၀ လောက်သာ ကွာဝေးတဲ့ အဲဒီနေအိမ်မှာ အမျိုးသမီးတဦးတည်းရှိနေစဥ် ဆိုင်ကယ်စီးလာတဲ့ အမျိုးသားနှစ်ယောက်က ဓားပြဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။
ဓားပြတိုက်ခံရတဲ့နေအိမ်ဟာ လောင်းလုံးမြို့လယ် အိမ်ခြေများတဲ့ ရပ်ကွက်တခုကဖြစ်ပြီး ဇွန်လ ၅ ရက်နေ့ညကလည်း မြို့ပေါ်ရှိ နေအိမ်တခုမှာ ဆိုင်ကယ်တစီး အခိုးခံခဲ့ရတယ်လို့လည်း လောင်းလုံး မြို့ခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလနှောင်းပိုင်းကနေ ဒီကနေ့အထိ လောင်းလုံးမြို့နယ်အတွင်း နေအိမ်ဓားပြတိုက်မှု လေးကြိမ်အထိဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ အဲဒီအပေါ် တစုံတရာ တုံ့ပြန်ဆောင်ရွက်တာမျိုး မရှိဘူးလို့လည်း သိရပါတယ်။