စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မဲဇာကျေးရွာမှာ ဇွန် ၆ ရက် နေ့လယ် ၂ နာရီက နေအိမ်အတွင်း ကျရောက်ထားတဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်ကို လွှင့်ပစ်ဖို့ ကောက်ယူစဉ် ပေါက်ကွဲပြီး အသက် ၅၀ အရွယ်ရှိ အမျိုးသမီးတယောက် သေဆုံးသွားပါတယ်။
အင်းတော်တော်လှန်ရေးအဖွဲ့ (IR) တာဝန်ရှိသူတစ်ဦးက “သေဆုံးသွားတဲ့ အမျိုးသမီးနာမည်က မလွင်ပါ။ ဆယ်တန်းအောင်ထားတဲ့ သမီးတစ်ယောက် ကျန်ရစ်ခဲ့ပါတယ်။ သူက တံမြက်စည်းလှည်းရင်း တွေ့လို့ ကောက်ယူလွှင့်ပစ်မလို့ လုပ်တုန်း ပေါက်ကွဲသွားတာ”လို့ ပြောပါတယ်။
သေဆုံးသွားတဲ့ အမျိုးသမီးမှာ ခင်ပွန်းဖြစ်သူနဲ့ သမီးတစ်ဦး ကျန်ရစ်ပြီး မြေမြှုပ်သင်္ဂြိုဟ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
မဲဇာရဲစခန်းကနေ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်ရာက မပေါက်ကွဲသေးတဲ့ လက်နက်ကြီး ကျည်အမျိုးအစားတွေနဲ့ တခြားပေါက်ကွဲလွယ်တဲ့အရာတွေ အမြဲတမ်းလိုလို တွေ့ရတတ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။