တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်က စစ်ကောင်စီတပ်သားတွေ လုံခြုံရေးယူထားတဲ့ Mytel ကုမ္ပဏီရုံးခွဲမှာ ဝင်ရောက်လုပ်ကိုင်တဲ့ဝန်ထမ်းတွေ အလုပ်ထွက်ကြဖို့နဲ့ ပစ်ခတ်မှုတွေဖြစ်လို့ တစုံတရာ ထိခိုက်မှုတွေဖြစ်လာရင် တာဝန်မယူဘူးလို့ ထားဝယ်ပြောက်ကျားတပ်ဖွဲ့ (Guerrilla Dawei)က နောက်ဆုံးအကြိမ် သတိပေးလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလက ထားဝယ်မြို့ပေါ်ရှိ Mytel ရုံးကို ဝင်ရောက်စီးနင်းမှုအပြီး Mytel ရုံးဝန်ထမ်းတွေ အလုပ်ထွက်ကြဖို့ သတိပေးခဲ့ပေမဲ့ ဝန်ထမ်းတချို့က ဆက်သွယ်လာကာ ရုံးဝန်ထမ်းအားလုံး အလုပ်ထွက်ဖို့အတွက် အချိန်တလတောင်းခံခဲ့လို့ ခွင့်ပြုခဲ့တယ်လို့ ထားဝယ်ပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ကိုပီတာကပြောပါတယ်။
"ကျနော့်ကို လိမ်ညာပြီး အချိန်တလတောင်းတာ ကျနော်သိပါတယ်၊ ဒါပေမဲ့ လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ တလအတွင်း အလုပ်ထွက်ကြဖို့ ကျနော်သတိပေးပြီး အခွင့်ရေးပေးခဲ့ပါတယ်။"
ဝင်ရောက်ပစ်ခတ်တဲ့အခါ Mytel ရုံးဧရိယာအတွင်း မတော်တဆ ကျည်ထိမှန်တဲ့သူတွေ အထူးသဖြင့် Mytel ဝန်ဝမ်းတွေကို လုံးဝတာဝန်ယူမှာမဟုတ်ကြောင်းလည်း ထားဝယ်ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
ထားဝယ်မြို့၊ အာဇာနည်လမ်းမကြီးပေါ်ရှိ စစ်တပ်ပိုင် Mytel အရောင်းပြခန်းကို ဧပြီ ၂၁ ရက်က ထားဝယ်ပြောက်ကျားတပ်ဖွဲ့ (Guerrilla Dawei) တပ်ဖွဲ့ဝင် နှစ်ယောက်က ဝင်ရောက်စီးနင်းခဲ့ပြီး ရုံးခန်းအတွင်းက ကွန်ပျူတာနဲ့ CCTV တချို့ကို သေနတ်နဲ့ ပစ်ခတ်ဖျက်ဆီးခဲ့ပါတယ်။