Home
မြန်မာသတင်း
ဝန်းသိုမြို့နယ်၊ နမ်းခမ်းကျေးရွာတွင် တိုက်ပွဲဖြစ်
DVB
·
June 6, 2022

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နမ်းခမ်းကျွေးရွာနားမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့  စစ်ကောင်စီတပ်-ပျူစောထီး ပူးပေါင်းတပ်ဖွဲ့တွေနဲ့  ဇွန် ၅ ရက် ညနေက  တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

နမ်းခမ်းရွာကနေ စစ်ရှောင်နေရတဲ့ ပြည်သူတစ်ဦးက  “မနေ့ညနေက ရွာနားမှာ စကစ၊ ပျူတွေနဲ့ PDFတွေတိုက်ပွဲဖြစ်တယ်ကြားတယ်။ ညနေ ၅ နာရီလောက်က၊ ဒီနေ့မနက်ပိုင်းတော့ ငြိမ်နေတယ်၊ ရွာနားမှာဖြစ်တာလို့ကြားတယ်၊ ပျူတွေရှိတဲ့နားလောက်မှာဖြစ်တာတဲ့” လို့ ပြောပါတယ်။

အဆိုပါ တိုက်ပွဲမှာ နှစ်ဘက် ထိခိုက်သေဆုံးမှု အခြေအနေကတော့ မသိရသေးပါဘူး။

နမ်းခမ်း‌‌ကျေးရွာက ပြည်သူတွေဟာ လွန်ခဲ့တဲ့ တစ်လလောက်ဝန်းကျင်က ရွာထဲစစ်ကောင်စီတပ် ဝင်ရောက်လာပြီး သေနတ်တွေနဲ့ ရမ်းပစ်ခတ်တာကြောင့် တစ်ရွာလုံးတိမ်းရှောင်ခဲ့ရပြီး လုံခြုံနီးစပ်ရာနေရာတွေမှာ ခိုလှုံနေရတယ်လို့ သိရပါတယ်။

လက်ရှိအချိန် ရွာပတ်ဝန်းကျင်တွေမှာ ပျူစောထီးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်သားတွေ တပ်စခန်းချပြီး နေထိုင်နေကြဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း နမ်းခမ်းရွာကိုပြန်လာတဲ့ လင်မယားနှစ်ယောက်ကို စစ်တပ်က ရွာအဝင်မှာ ဖမ်းစီးနှိပ်စက်ခဲ့တယ်လို့   တိမ်းရှောင်နေရတဲ့ ပြည်သူတယောက်က ပြောပါတယ်။

“လွန်ခဲ့တဲ့တစ်ပတ်လောက်က ရွာကို ခဏပြန်တဲ့ လင်မယားနှစ်ယောက်ကို ဖမ်းထားပြီး ဝိုင်းနှိပ်စက်ကြတာတဲ့၊ PDF ဆိုပြီး စွပ်စွဲပြီးတော့ မိန်းမကိုတော့ ဒူးထောက်ခိုင်းထားပြီး ယောကျ်ားကိုတော့ ဝိုင်းထိုး ဝိုင်းရိုက်ကြတာ” လို့ပြောပါတယ်။

ဝန်းသိုမြို့နယ်မှာ လွန်ခဲ့တဲ့ ဇန်နဝါရီကစပြီး စစ်ကောင်စီက ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားပြီး ဖုန်းလိုင်းနဲ့ အင်တာနက်အခက်အခဲတွေကြောင့် ပြည်သူတွေအနေနဲ့ သတင်းရရှိမှု အခက်အခဲဖြစ်နေပါတယ်။

နမ်းခမ်းကျေးရွာပတ်ဝန်းကျင်တွေမှာ လွန်ခဲ့တဲ့ သုံး လေးလလောက်ကတည်းက ကျေးရွာနေပြည်သူတွေကို တစ်လ နှစ်သိန်း လခပေးမယ်ဆိုပြီး ပျူစောထီးတပ်ဖွဲ့တွေက အင်းအားစုဆောင်းခဲ့ပြီး လက်ရှိအချိန် ပျူစောထီး အင်းအားအများအပြားနဲ့ စစ်ကောင်စီတပ်သားတွေက ရွာပတ်ဝန်းကျင်တွေမှာ စခန်းတွေ အခိုင်အမာချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024