ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၁) ထိန်းချုပ်နယ်မြေ သထုံမြို့နယ်မှာ ဇွန် ၁ ရက်နေ့ကစပြီး စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ (၉) ဝီယော်စခန်းကနေ လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်နေတာကြောင့် ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးနေရတယ်လို့ KNU က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်က လက်နက်ကြီး အဆက်မပြတ်ပစ်ခတ်နေတာကြောင့် ဝီယော်၊ သုံးအိမ်စု၊ ထုံးဘိုလေးနဲ့ ထုံးဘိုကြီးကျေးရွာတို့က ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။
ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံအများစုဟာ အနီးနားကျေးရွာတွေက ဆွေမျိုးနေအိမ်တွေမှာ သွားရောက် တိမ်းရှောင်နေတာဖြစ်ပြီး စစ်ရှောင်ပြည်သူတချို့က နီးစပ်ရာမြို့တွေမှာ သွားရောက် ခိုလှုံနေကြတာပါ။
လတ်တလောမှာ နှစ်ဖက် စစ်ရေး အခြေအနေ ပိုမိုတင်းမားနေတာကြောင့် ဒေသခံတွေအနေနဲ့ တိုက်ပွဲတွေ ငြိမ်သက်သွားမှ နေရပ်ပြန်လာပေးကြဖို့ KNU တပ်မဟာ(၁) သထုံခရိုင် ဗဟိုအလုပ်ဆောင်အဖွဲ့ဝင် တဦးက ဒီဗွီဘီကို ပြောပါတယ်။
လက်ရှိမှာတော့ စစ်ရှောင်ပြည်သူတွေဟာ မိုးတွင်းကာလဖြစ်တာကြောင့် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ နေရာထိုင်ခင်းအတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေတာပါ။
ပြီးခဲ့တဲ့ ဇွန် ၂ ရက်နေ့က သထုံမြို့နယ် ထုံးဘိုးလေးကျေရွာမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီ ဒုတပ်ရင်းမှူး စနိုက်ပါထိမှန်သေဆုံးခဲ့သလို ဗိုလ်ကြီး တဦးနဲ့ ဆေးတပ်ကြပ်ကြီး တဦးကို KNU က အရှင်ဖမ်းမိထားပါတယ်။
စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ (၉) တပ်ရင်းမှူးက ဖမ်းဆီးထားတဲ့ ဗိုလ်ကြီး တဦးနဲ့ ဆေးတပ်ကြပ်ကြီး တဦးကို ပြန်မလွှတ်ပေးပါက ကျေးရွာတွေကို ဖျက်ဆီးမယ်လို့ ခြိမ်းခြောက်ထားပါတယ်။