မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ရေပုတ်ရွာနဲ့ စင်းဇယ်ကျေးရွာရှိ ပြည်သူလူထုတွေရဲ့ နေအိမ်တွေကို ဇွန် ၂ ရက်မှာ စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ စင်းဇယ်ရွာက နေအိမ် ၄ လုံး၊ စပါးကျီ ၁ လုံးနဲ့ ရေပုတ်ရွာက နေအိမ် ၁၂ လုံးကို မီးရှို့ဖျက်ဆီးသွားခဲ့ကြတာပါ။
လက်ရှိမှာတော့ မီးရှို့ဖျက်ဆီးခံရတဲ့ ကျေးရွာက ဒေသခံတွေဟာ ဘေးလွတ်ရာ တောတောင်တွေ မှာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားဝတ်နေရေးအခက်အခဲတွေဖြစ်ပေါ်နေတာပါ။
"ရွာနားမှာထိတွေ့တိုက်ပွဲဖြစ်တယ်။ ရွာကိုမီးရှို့တယ်။ အခုတော့ ရွာကို မပြန်ရဲလို့ မပြန်ကြရသေး ဘူး။ ကိုယ့်အိမ်မဟုတ်တော့ အစစအရာရာ အကုန်ခက်ခဲတယ်" လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
မီးရှို့ဖျက်ဆီးခံရတဲ့ စင်းဇယ်ရွာနဲ့ ရေပုတ်ရွာမှာ အိမ်ခြေ ၁၀၀ ကျော်ရှိတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပြီး လူဦးရေ ၈၀၀ ကျော် နေထိုင်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ ထီးလင်းမြို့နယ်က ကျေးရွာတွေကို ထိုးစစ်ဆင်နေပြီး ပြည်သူလူထုရဲ့ အိမ်တွေကို မီးရှို့ဖျက်ဆီးကာ ဒေသခံတွေကိုလည်း ဖမ်းဆီးသတ်ဖြတ်နေတယ်လို့ သိရပါတယ်။
လတ်တလောမှာ ထီးလင်း-ဂန့်ဂေါလမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ထီးလင်း PDF တွေအကြား တိုက်ပွဲ ဖြစ်ပွားနေပြီး ဒေသခံတွေအနေနဲ့ ခရီးသွားလာတာ မပြုလုပ်ကြဖို့ကိုလည်း သက်ဆိုင်ရာတာဝန်ခံတွေက သတိပေးထုတ်ပြန်ထားပါတယ်။