မကွေးတိုင်း၊ ပခုက္ကူမြို့မှာ ဇွန်လ ၃ ရက် မနက်က ဈေးသွားဝယ်တဲ့ ကျေးရွာသား ၂ ယောက်ကို စစ်ကောင်စီတပ်တွေက PDF လို့ စွပ်စွဲပြီး ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပခုက္ကူမြို့ အမှတ်(၆)ရပ်ကွက် စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်မှာ မနေ့ မနက် ၉ နာရီလောက်မှာ စျေးဝယ်သွားတဲ့ မြိုင်မြို့နယ် တောင်ရွာကျေးရွာက ကိုကျော်သက်ခိုင်နဲ့ ပိုက်သင်ကျေးရွာက ကိုမိုးမင်းတို့ကို PDF လို့ စွပ်စွဲပြီးဖမ်းဆီးသွားကြတယ်လို့ ပိုက်သင်ကျေးရွာ ဒေသခံတစ်ယောက်က ပြောပါတယ်။
“သူတို့က ပခုက္ကူမြို့မှာ စျေးသွားဝယ်ကြတာဗျ။ ဘာသက်သေ အထောက်ထားမှမတွေဘဲ မတရားဖမ်းဆီးခံရတာ။စစ်(...)တွေကတော့ အပြစ်မဲ့ ပြည်သူတွေရဲ့ ဖုန်းတွေကို စစ်မယ်၊ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ တော်လှန်ရေးနဲ့ ပတ်သက်တဲ့ မှတ်ချက်တို့၊ ဖြန့်ဝေတာတို့ တွေ့တာနဲ့ PDF လို့ စွပ်စွဲပြီး တန်းဖမ်းတော့တာ။ ပခုက္ကူခရိုင်အတွင်းမှာ ခရီးသွားလာရင် ဖုန်းတွေကို ယူသွားဖို့ လုံးဝမသင့်တော့ဘူး။ ဆက်သွက်ရေးအတွက်အရေးကြီးရင် လက်နှိပ် ခလုပ်ဖုန်းလေးတွေနဲ့ပဲ သွားလာသင့်တယ်။”
ကိုကျော်သက်ခိုင်နဲ့ ကိုမိုးမင်းတို့ကို စစ်တပ်က ဖမ်းဆီးပြီး ပခုက္ကူမြို့မရဲစခန်း စစ်ကြောရေးကို ပို့ဆောင်ထားကာ မိသားစုတွေနဲ့လည်း လုံးဝတွေ့ခွင့်မပေးဘူးလို့သိရပါတယ်။
“သေချာတာကတော့ ပြစ်မှုကျူးလွန်တာမရှိပေမဲ့ ဝန်မခံမချင်း ညှဥ်းပန်းနှိပ်စက်ကြမှာပဲ” လို့ ဒေသခံက ပြောပါတယ်။
ပခုက္ကူခရိုင်အတွင်း ယခုနှစ် ဖေဖော်ဝါရီကနေ ယနေ့အချိန်အထိ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ မတရားစွပ်စွဲ ဖမ်းဆီးခံထားရသူ ၂၀၀ ကျော်လောက်ရှိနေပြီး ပြီးခဲ့တဲ့ မေလအတွင်းမှာ ၈၀ နီးပါးလောက် မတရားဖမ်းဆီးခံထားရ ပါတယ်။